ရီးယဲလ်မက်ဒရစ်လို ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်း အအောင်မြင်ဆုံး ကလပ်အသင်းအဖြစ် ရပ်တည်လျက်ရှိနေတဲ့ ထိပ်တန်းအသင်းကြီးကို သူတို့ရဲ့ အိမ်ကွင်း ဘာနေဗျူးမှာ အံ့အားသင့်စဖွယ် အနိုင်ယူခဲ့တဲ့ မော်ဒိုဗာကလပ် ရှာရစ်ဖ်အသင်းဟာ ဘောလုံးလောကတစ်ခုလုံးကို တုန့်လှုပ်သွားစေခဲ့ရပြီး ဒီအသင်းနဲ့အတူ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တဲ့ ကွင်းလယ်ကစားသမားလေး အက်ဒိုကလည်း သူ့ကို သူအားပေးရတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဘက်ကနေပါ စောင့်ကြည့်နေဖို့ မျှော်လင့်နေတယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : TEAMtalk

အသက်(၂၁)နှစ်အရွှယ်သာ ရှိနေသေးတဲ့ ဂါနာကွင်းလယ်ကစားသမား အက်ဒိုက ရှာရစ်ခ်အသင်းဆီကို အခုနှစ် နွေစျေးကွက်အတွင်းကမှ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့အတူ ချန်ပီယံလိဂ် ခြေစစ်ပွဲတွေအတွင်းမှာပါ ပါဝင်ကစားခဲ့ကာ အသင်းကို အသင်းရဲ့ သမိုင်းတလျှောက် ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဝင်ခွင့်ကြီး ရရှိအောင်ပါ စွမ်းဆောင်ပေးခဲ့ပါတယ်။ အက်ဒိုဟာ လက်ရှိမှာလည်း ရှာရစ်ဖ်အသင်းရဲ့ အဓိက ကစားသမားတစ်ယောက် ဖြစ်လို့နေပြီး ရှက်တာဒိုးနက် ရီးယဲလ်မက်ဒရစ်အသင်းတွေကို အနိုင်ရခဲ့တဲ့ ပွဲစဉ်တွေမှာလည်း အသင်းအတွက် အတော်လေးကို ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

Photo Credit : The Sun

အက်ဒိုက “ကျွန်တော်ရဲ့ အိမ်မက်ကတော့ မန်ချက်စတာယူနိုက်တက်အသင်းမှာ ပါဝင်ကကစားခွင့် ရဖို့ပါပဲ။ ဘယ်ကစားသမားကများ ဥရောပရဲ့ အင်အားအကြီးမားဆုံး ကလပ်အသင်းတစ်ခုမှာ မပါဝင်ချင်ပဲ နေမလဲ။ ကျွန်တော် ငယ်စဉ်ကတည်းက သရဲနီ(ယူနို်က်တက်)တို့ကို အတော်လေးကို အားပေးလာခဲ့တာပါ။ ဒါပေမယ့် အခုလက်ရှိမှာကတော့ ကိုယ့်အလုပ်ကိုပဲ ကြိုးစားလုပ်ကိုင်နေရတာပေါ့။ ချန်ပီယံလိဂ်လို ပြိုင်ပွဲကြီးမှာ ကိုယ့်ကိုကိုယ် သက်သေပြနိုင်မယ့် အခွင့်အလမ်းရဖို့ကိုလည်း အမြဲကြိုးစားနေတာပါ။ အခုကတော့ အရေးကြီးဆုံး အရာတစ်ခုကို လုပ်ဆောင်နိုင်ခဲ့ပါတယ်” လို့် ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ စီနီယာ ကစားသမားဘဝကို ဆလိုဗက်ကီးယား ကလပ်အသင်း FK Senica မှာ စတင်ခဲ့တဲ့ အက်ဒိုဟာ လက်ရှိမှာ ရှာရစ်ဖ်အသင်းနဲ့ ပြိုင်ပွဲစုံ(၆)ပွဲသာ ကစားထားရသေးပြီး သူရဲ့အကြီးမားဆုံး စိတ်ကူးအိမ်မက်ဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းဆီကို ပြောင်းရွှေ့ကစားခွင့် ရရှိမလားဆိုတာ စိတ်ဝင်တစားနဲ့ စောင့်ကြည့်သွားရမှာပါ။