ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ စီးတီးအသင်းရဲ့ အသင်းပိုင်ရှင် ရှိတ်မန်ဆော်ဟာ အသင်းရဲ့ တိုက်စစ်ပိုင်း အင်အားကို မြှင့်တင်နိုင်ဖို့ အတွက် ပီအက်စ်ဂျီအသင်း ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားတဲ့ ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး အမ်ဘာပေကို လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ကြိုးစားရန် အသင်းရဲ့ တာဝန်ရှိသူတွေကို ပြောကြားထားကြောင်း သိရပါတယ်။

အသက် ၂၂နှစ် အရွယ် ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူး အမ်ဘာပေဟာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တဦး ဖြစ်သလို အနာဂတ်မှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ရယူနိုင်မယ့် ကစားသမား အဖြစ် ထင်ကြေးပေးခံထားရပြီး ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်ရှိတော့သူပါ။

Photo Credit: AS English

ဒါကြောင့် အမ်ဘာပေဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ သူ ကြိုက်နှစ်သက်တဲ့ အသင်းဆီ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခွင့် ရှိနေပြီး လာလီဂါ အင်အားကြီးကလပ် ရီးရဲလ်မက်ဒရစ်အသင်းဟာ အမ်ဘာပေကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ဆက်တိုက် ပြုလုပ်နေသလို ပီအက်စ်ဂျီအသင်းကလည်း အမ်ဘာပေကို အသင်းမှာပဲ ဆက်လက် ထိန်းသိမ်းနိုင်ဖို့ အစွမ်းကုန် ကြိုးစားနေပါတယ်။

အပြောင်းအရွှေ့ သတင်းတွေနဲ့ ပတ်သတ်လာရင် စိတ်ချရတဲ့ Transfer Guru သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ စီးတီးအသင်းရဲ့ အသင်းပိုင်ရှင် ရှိတ်မန်ဆော်ဟာ ကမ္ဘာ့ထိပ်တန်း တိုက်စစ်မှူးတဦး ဖြစ်သူ အမ်ဘာပေကို မန်ချက်စတာ စီးတီးအသင်းမှာ မြင်တွေ့ချင်နေပြီး ပိုက်ဆံ ဘယ်လောက်ကုန်ကုန် အမ်ဘာပေကို ရအောင် ခေါ်ယူဖို့ အသင်းရဲ့ တာဝန်ရှိသူတွေကို အသိပေးခဲ့ကြောင်းနဲ့ အမ်ဘာပေကို ရအောင် မခေါ်ယူနိုင်ရင် ရာထူးကနေ ထုတ်ပယ်ပစ်ဖို့ အထိ သတိပေးထားကြောင်း သိရပါတယ်။

Photo Credit: AS English

ပီအက်စ်ဂျီအသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ အတွင်းမှာ အမ်ဘာပေအတွက် ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ပြောင်းရွှေ့ကြေး ယူရို ၁၅၀သန်းတန် ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပေမယ့် အကယ်၍ အမ်ဘာပေကသာ လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့ အထိ စာချုပ်သစ် ချုပ်ဆိုဖို့ ငြင်းဆန်နေပါက ဇန်နဝါရီလ အပြောင်းအရွှေ့မှာပဲ အမ်ဘာပေကို ပြောင်းရွှေ့ကြေး ယူရို ၁၈၀သန်း ဝန်းကျင်နဲ့ ရောင်းချဖို့ စဉ်းစားနေကြောင်း ပြင်သစ် အခြေစိုက် သတင်းဌာနတွေကလည်း ဖော်ပြထားကြပါတယ်။

ဒါကြောင့် မန်ချက်စတာ စီးတီးအသင်းဟာ အမ်ဘာပေကို ခေါ်ယူဖို့ အတွက် အခွင့်အရေး ရှိနေပြီး မန်ချက်စတာ စီးတီး အသင်းပိုင်ရှင် ရှိတ်မန်ဆော်နဲ့ ပီအက်စ်ဂျီ ဥက္ကဌ အယ်ခါလိုင်ဖီတို့ ကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိနေတာကြောင့် ပီအက်စ်ဂျီအသင်းကလည်း အမ်ဘာပေကို မဖြစ်မနေ ရောင်းချရပါက ရီးရဲလ် မက်ဒရစ်ထက် မန်ချက်စတာ စီးတီးအသင်းဆီသာ ရောင်းချချင်နေပါတယ်။