ဒီနေ့ ဇူလိုင်လ(၂)ရက်နေ့ ည(၁၁)နာရီခွဲအချိန်မှာတော့ ပရီးမီးယားလိဂ် အမှတ်ပေးဇယားအတွင်း အဆင့်(၁၀)နေရာကို ကျဆင်းသွားခဲ့တဲ့ ရှက်ဖီးယူနိုက်တက်အသင်းနဲ့ ဒီရာသီမှာ အဝေးကွင်းစွမ်းဆောင်ရည် အားရစရာမကောင်းတဲ့ အဆင့်(၈)နေရာက စပါးအသင်းတို့ Bramall Lane ကွင်းကြီးအတွင်းမှာ ထိပ်တိုက်တွေ့ဆုံခဲ့ပြီး အိမ်ရှင်ရှက်ဖီးက စပါးကို (၃)ဂိုး (၁)ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။

Photo Credit : Getty Image

အိမ်ရှင်ရှက်ဖီးအသင်းက ၃-၅-၂ ကစားကွက်နဲ့ ပွဲထွက်လာခဲ့ပြီး ဂိုးလ်ဒရစ် မက်ဘရူနီ ဘယ်လ်ဒေါ့ ဆမ်ဒါဘာ့ချ် နော်ဝုဒ် အော့စ်ဘွန် စတီဖန်စ် အီဂန် ရော်ဘတ်ဆန် ဘတ်စ်ရှန် ဒင်းဟန်ဒါဆန်တို့ ပါဝင်လာခဲ့ပါတယ်။ စပါးအသင်းဘက်ှာတော့ လူစုံနီးပါးကို ပါဝင်လာခဲ့ပြီး ကိန်း ဆွန်ဟောင်မင် ဘာ့ဂျ်ဝိုင်း မော်ရာ လိုဆယ်ဆို ဆစ်ဆိုခို အော်ရီရာ ဆန်းချက်ဇ် ဒိုင်ယာ ဒေးဗီစ်နဲ့ လိုးရစ်တို့ ပါဝင်လာခဲ့ပါတယ်။ ပထမပိုင်း ပွဲချိန်အစောပိုင်းတွေမှာ နှစ်သင်းလုံးရဲ့ကစားဟန်တွေ အေးစက်စက်ရှိနေခဲ့ပေမယ့် (၃၁)မိနစ်မှာပဲ ဆမ်ဒါဘာ့ချ်က ရှက်ဖီးအတွက် အဖွင့်ဂိုးကို သွင်းယူပေးလိုက်ရာ ပွဲကစတင်လှုပ်ခတ်လာခဲ့ပါတယ်။ ဆက်တိုက်ဆိုသလိုပဲ စပါးဘက်ကနေ ကိန်းက ချေပဂိုးပြန်လည်သွင်းယူခဲ့ပေမယ့် မော်ရာဆီကနေ ဘောလုံးထွက်လာရာမှာ လက်ထိခဲ့တယ်ဆိုပြီး VAR ရဲ့အငြင်းပွားစရာ ဆုံးဖြတ်ချက်ကြောင့် စပါးတို့ နစ်နာခဲ့ရပါတယ်။

Photo Credit : Getty Image

ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာ စပါးအသင်းကပဲ ပွဲကိုပိုမိုစိုးမိုးထားခဲ့ပေမယ့် ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ခဲ့ခြင်းမရှိတဲ့အပြင် ချေပဂိုးမသွင်းနိုင်ခင်မှာပဲ နောက်ထပ်သွင်းဂိုးတစ်ဂိုးကိုပါ ထပ်မံခွင့်ပြုလိုက်ရပါတယ်။ ဒီဂိုးကိုတော့ လူစားဝင် တိုက်စစ်ကစားသမား မူဇက်က (၆၉)မိနစ်မှာ သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ (၈၄)မိနစ်အရောက်မှာလည်း တိုက်စစ်မှူးမက်ဘာနီက ရှက်ဖီးအတွက် တတိယသွင်းဂိုးကို ဒုတိယမြောက်ဂိုး ပုံစံအတိုင်းနဲ့ သွင်းယူခဲ့ပါသေးတယ်။ ပွဲပြီးခါနီးမှာ ကိန်းက စပါးအတွက် ချေပဂိုးတစ်ဂိုးကို သွင်းယူပြီး (၃)ဂိုး(၁)ဂိုးနဲ့ အရေးနိမ့်သွားခဲ့ရပါတယ်။