ယူရိုပါလိဂ်ဝင်ခွင့်တစ်နေရာအတွက် နောက်ပိုင်းပွဲတွေမှာ ရလဒ်ကောင်းတွေ ဆက်တိုက်ရယူလို့နေတဲ့ ရှက်ဖီးယူနိုက်တက်အသင်းနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာစာအတွက် အဆင့်(၄)အတွင်းမှာ ဆက်လက်တည်မြဲဖို့ ကြိုးပမ်းလို့နေတဲ့ ချယ်လ်ဆီးအသင်းတို့ ပရီးမီးယားလိဂ် ပွဲစဉ်(၃၅)အဖြစ် ရင်ဆိုင်တွေ့ဆုံခဲ့ကြရာ အိမ်ရှင်ရှက်ဖီးက ချယ်လ်ဆီးကို (၃)ဂိုး ဂိုးမရှိနဲ့ကို အနိုင်ယူသွားခဲ့ပါတယ်။

Photo Credit : Getty Image

အိမ်ရှင်ရှက်ဖီးအသင်းကတော့ ကွင်းလယ်ပိုင်းကို အားပြုထားတဲ့ ၃-၅-၂ ကစားကွက်ကို သုံးစွဲလာခဲ့ပြီး ပွဲထွက်လူစာရင်းမှာလည်း ဂိုးလ်ဒရစ် မက်ဘာနေး ဆန်ဒါဘာဂါ ဘယ်ဒေါ့လ် နော်ဝုဒ် အော့စ်ဘွန် စတီဖန်စ် ဘတ်ရှန် အီဂန် အိုကွန်နယ်နဲ့ ဒင်းဟန်ဒါဆန်တို့ ပါဝင်လာခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းဘက်မှာလည်း အေဘရာဟမ် ပူလီဆစ် ဝီလီယံ ဘာကလေ ဂျော်ဂျင်ဟို မေဆန်မောင့် အက်စပီလီကွယ်တာ ဇူးမား ခရစ္စတန်ဆန် ရီဆီဂျိမ်းစ်နဲ့ ကယ်ပါတို့ ပါဝင်ကစားခဲ့ကြပါတယ်။ ချယ်လ်ဆီးအသင်းက ပထမပိုင်းမှာ ပြိုင်ဘက်အသင်းထက် ဘောလုံးပိုင်ဆိုင်မှု အပြတ်အသတ် အသာရခဲ့ပေမယ့် ဝီလီယံ ပူလီဆစ်တို့ရဲ့ ပွဲပန်းနေမှုတွေကြောင့် ထိုးဖောက်မှုတွေ သိပ်မလုပ်ဆောင်နိုင်ပဲ ပြိုင်ဘက်အသင်းရဲ့ ထိရောက်လှတဲ့ ကောင်တာတိုက်စစ်တွေကြောင့် သွင်းဂိုးတွေကို ခွင့်ပြုခဲ့ရပါတယ်။ ပွဲချိန်(၁၈)မိနစ်နဲ့ (၃၅)မိနစ်တွေမှာ ဂိုးလ်ဒရစ်နဲ့ မက်ဘာနေးတို့က ရလာတဲ့ အခွင့်အရေးတွေကနေ အကောင်းဆုံးအသုံးချပြီး သွင်းဂိုးတွေကို သွင်းယူနိုင်ခဲ့ကြပါတယ်။

Photo Credit : Getty Image

ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာ သွင်းဂိုးတွေ ပြန်လည်သွင်းယူနိုင်ဖို့အတွက် ချယ်လ်ဆီးဘက်ကနေ မေဆန်မောင့်နဲ့ ခရစ္စတန်ဆန်တို့အစား အလွန်ဆိုနဲ့ ရူဒီဂါတို့ ထည့်သွင်းလာခဲ့ပါတယ်။ ဒါပေမယ့် ပထမပိုင်းကတည်းက (၂)ဂိုးပြတ်နဲ့ ဦးဆောင်ထားရတဲ့ ရှက်ဖီးတို့က ခံစစ်ပိုင်းကို အာရုံစိုက်ကစားခဲ့လို့ ချယ်လ်ဆီးတို့ ချေပဂိုးပြန်ရဖို့ ရုန်းကန်နေခဲ့ရပါတယ်။ (၇၇)မိနစ်အရောက်မှာလည်း ရှက်ဖီးတို့က ကောင်တာတိုက်စစ်ကနေတစ်ဆင့် တတိယဂိုး ထပ်မံရယူနိုင်ခဲ့ပြီး ဒီဂိုးကိုလည်း မက်ဂိုးလ်ဒရစ်က သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။