ရှက်ဖီးယူနိုက်တက်အသင်းကို ဒီရာသီမတိုင်ခင် ပရီးမီးယားလိဂ်မှာ နောက်ဆုံးမြင်တွေ့ခဲ့ရတာကတော့ ၂၀၀-၂၀၀၇ ဘောလုံးရာသီကပါ။ အဲ့ဒီနောက်ပိုင်း လိဂ်ချန်ပီယံရှစ်မှာပဲ ကျင်လည်ဖြတ်သန်းခဲ့ရတဲ့ ရှက်ဖီးဟာ ၂၀၁၁ခုနှစ်မှာလည်း ချန်ပီယံရှစ်ကနေပါ ထပ်မံတန်းဆင်းခဲဲ့ပြီး လိဂ်ဝမ်းကို ရောက်ရှိခဲ့ရသလို လိဂ်ဝမ်းမှာလည်း ၂၀၁၇ခုနှစ်လောက်အထိ ကျင်လည်ခဲဲ့ရပါသေးတယ်။ အဲ့ဒီကနေတစ်ဆင့် ချန်ပီယံရှစ်ကို ပြန်တတ်လာခဲ့တဲ့ ရှက်ဖီးယူနိုက်တက်က ပြီးခဲ့တဲ့ရာသီမှာ အဆင့်၂နေရာကို ပိုင်ဆိုင်ခဲ့တာကြောင့် ၁၂နှစ်ကျော်ကြာ ဝေးကွာလို့နေရတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီကို တကျော့ပြန် ရောက်ရှိလာနိုင်ခဲ့ပါတယ်။

Photo Credit : Getty Images

တကယ်တော့ ရှက်ဖီးယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ရယ်လို့ နာမည်ပြောင်းလဲဖြစ်ခဲ့ချိန်ကနေစတင်ပြီး ဒီပြိုင်ပွဲကြီးအတွင်းမှာ ၅ရာသီပဲ ဖြတ်သန်းခဲ့ဖူးတာဖြစ်ပြီးတော့ နှစ်တော်တော်များများကို လိဂ်ချန်ပီယံရှစ်မှာပဲ ကုန်လွန်နေခဲ့ရတာဖြစ်ပါတယ်။ အခုတစ်ကြိမ် ပရီးမီးယားလိဂ်ကို ပြန်လည်တန်းတတ်လာချိန်မှာလည်း သူတို့ရဲ့ထုံးစံအတိုင်း တစ်ရာသီလေးပဲ တာရှည်ခံလိမ့်မယ်လို့ အားလုံးက တွက်ဆထားခဲ့ပေမယ့် ဘယ်သူကမှ မထင်မှတ်ထားတဲ့ ခြေစွမ်းကောင်းတွေကို ပြသထားနိုင်ခဲ့ပြီး လက်ရှိမှာလည်း အမှတ်ပေးဇယားရဲ့အဆင့်၅နေရာထိ ရောက်ရှိလို့နေပါတယ်။

Photo Credit : Getty Images

ရှက်ဖီးယူနိုက်တက်အသင်းဟာ မနေ့ညက ကစားသွားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၂၆)မှာ ဘုန်းမောက်အသင်းကို ၂ဂိုး၁ဂိုးနဲ့ အနိုင်ယူခဲ့တဲဲ့အတွက် အဆင့်၅နေရာကို တတ်လှမ်းလာခဲ့တဲ့အပြင် အဆင့်၄နေရာမှာရှိနေတဲ့ ချယ်လ်ဆီးအသင်းနဲ့ကြားမှာလည်း ရမှတ်ကွာဟချက်က ၂မှတ်သာရှိတော့လို့ ချန်ပီယံလိဂ်မျှော်လင့်ချက်ပါ အားကောင်းလာခဲ့ရပါတယ်။ တကယ်ဆိုရင် ဒီလိုနေရာမှာ စပါး မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်တို့လို အသင်းမျိုးတွေ ရှိနေသင့်တဲ့ နေရာတစ်ခုဖြစ်ပြီး ဒီအသင်းတွေ ဒီရာသီအတွင်း ခြေစွမ်းမတည်မငြိမ်ဖြစ်နေချိန်မှာ ရှက်ဖီးက တန်းတတ်အသင်းတစ်သင်းလို့ မထင်ရလောက်အောင် တည်တည်ငြိမ်ငြိမ်နဲ့ ရလဒ်ကောင်းတွေကို ဖော်ဆောင်ခဲ့ရင်းနဲ့ အခုလို အဆင့်၅အထိ ရောက်ရှိနေတာဖြစ်သလို အသင်းသားတွေကလည်း အဆင့်၄အတွင်း ဝင်နိုင်ဖို့ကို ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ကြုံးဝါးထားခဲ့ပါတယ်။ ပရီးမီးယားလိဂ်ကို ပြန်လည်တတ်လှမ်းလာချိန်တုန်းက ကစားသမားအင်အား တောင့်တင်းမှုမရှိပဲ ကစားသမားတွေရဲ့အသင်းလိုက်စုစည်းမှုအားကောင်းကောင်းနဲ့ ရလဒ်ကောင်းတွေကို ရှာဖွေနိုင်ခဲ့သလို ဆောင်းရာသီစျေးကွက်အတွင်းမှာလည်း ကစားသမားသစ်တွေများစွာ ခေါ်ယူခဲ့ပြီး အသင်းကို ပိုအားကောင်းအောင် စီစဉ်ထားခဲ့လို့ ရှက်ဖီးရဲ့ဒီရာသီပိတ်မှာ ဘယ်လောက်အထိ စွမ်းဆောင်နိုင်မလဲဆိုတာ ရင်ခုန်စရာပါ။