ပရီးမီးယားလိဂ်ကလပ် ရှက်ဖီးလ် ယူနိုက်တက်က ဒီရာသီမှာ တန်းမဆင်းရစေဖို့ အတွက် ယခု ဆောင်းဈေးကွက် အတွင်းမှာ ကစားသမားသစ်တွေ ခေါ်ယူဖို့ ဆုံးဖြတ်ထားရာ သူတို့ရဲ့ ဂိုးသမားနေရာ အတွက် လက်စတာ စီးတီးရဲ့ ဂိုးသမားဟောင်း ကတ်စပါ ရှမိုက်ကယ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း နာမည်ကြီး သတင်းထောက် အဲလက်စ် ခရော့က အခိုင်အမာ ဖော်ပြလာပါတယ်။

ရှက်ဖီးလ် ယူနိုက်တက်က ဒီရာသီမှာ ရလဒ်တွေ အတော်လေး ဆိုးဝါးနေတဲ့ အသင်း ဖြစ်ပြီး ရှက်ဖီးလ်ဟာ ပရီးမီးယားလိဂ် ပွဲစဉ်(၂၀) အပြီးမှာ ၂ပွဲနိုင် ၊ ၃ပွဲသရေ ၊ ၁၅ပွဲရှုံး ဆိုတဲ့ မှတ်တမ်းဆိုးကို ပိုင်ဆိုင်ထားကာ အမှတ်ပေးဇယားရဲ့ အဆင့်(၂၀)ဆီ ရောက်ရှိနေပါတယ်။

Photo Credit: Daily Sabah

ဒါကြောင့်ပဲ ရှက်ဖီးလ် ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက တန်းမဆင်းရစေဖို့ အတွက် ဆောင်းဈေးကွက်မှာ တတ်နိုင်သလောက် အသင်းရဲ့ အင်အားကို ဖြည့်တင်းဖို့ ဆုံးဖြတ်ထားပြီး ရှက်ဖီးလ် ယူနိုက်တက်ရဲ့ နည်းပြချုပ် ဝိုင်ဒါကတော့ ဝါရင့် ကစားသမားတွေကိုသာ ခေါ်ယူချင်နေပါတယ်။

နာမည်ကြီး သတင်းထောက် အဲလက်စ် ခရော့ရဲ့ ဖော်ပြချက်အရ ရှက်ဖီးလ် ယူနိုက်တက်က သူတို့ရဲ့ ဂိုးသမားနေရာနဲ့ တိုက်စစ်ပိုင်းကို အဓိက အားဖြည့်ချင်နေပြီး ရှက်ဖီးလ် ယူနိုက်တက်ရဲ့ အဓိက ပစ်မှတ် ကစားသမားဟာ လက်စတာ စီးတီး ဂိုးသမားဟောင်း ရှမိုက်ကယ် ဖြစ်ကြောင်း သိရပါတယ်။

Photo Credit: Standard

အသက် ၃၇နှစ် အရွယ် ဒိန်းမတ်လက်ရွေးစင် ဂိုးသမား ကတ်စပါ ရှမိုက်ကယ်က လက်စတာ စီးတီးနဲ့အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အချိန်အတော်ကြာအောင် ကစားခဲ့သလို ပရီးမီးယားလိဂ် ချန်ပီယံပါ ဖြစ်ဖူးတဲ့ အရည်အသွေးမြင့် ဂိုးသမား ဖြစ်ပြီး လက်ရှိမှာတော့ ရှမိုက်ကယ်ဟာ ဘယ်လ်ဂျီယံ ထိပ်သီးကလပ် အန်ဒါလက်ချ်မှာ ကစားနေပါတယ်။

ရှက်ဖီးလ် ယူနိုက်တက်က ရှမိုက်ကယ်ကို ခေါ်ယူဖို့ အတွက် ကစားသမားနဲ့ရော ၊ အန်ဒါလက်ချ်နဲ့ပါ ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီး အန်ဒါလက်ချ်ကတော့ ရှမိုက်ကယ်ကသာ အသင်းပြောင်းချင်ရင် အသင်းပြောင်းခွင့် ပေးဖွယ် ရှိနေပါတယ်။