ဒီနှစ်ဘောလုံးရာသီမှ ပရီးမီးယားလိဂ်ကို တန်းပြန်တတ်လာခွင့်ရခဲ့ပေမယ့် တန်းတတ်လာတဲ့ အသင်းတစ်သင်းလို့ မထင်ရလောက်အောင် စုစည်းမှုအားကောင်းကောင်းနဲ့ ရမှတ်တွေကိုစုဆောင်းခဲ့ပြီး လာမယ့်ရာသီမှာ ဥရောပဝင်ခွင့်တစ်နေရာလောက်အထိကို မျှော်လင့်လာနိုင်တဲ့ ရှက်ဖီးယူနိုက်တက်အသင်းဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘောလုံးပွဲတွေ ရပ်နားလိုက်ရချိန်မှာ သူတို့ရဲ့အကောင်းဆုံးပုံစံကို အရှိန်သတ်လိုက်သလို ဖြစ်သွားခဲ့ရပြီး ပွဲတွေပြန်လည်စတင်ချိန်မှာတော့ သူတို့ရဲ့ နဂိုပုံစံကောင်း ပြန်လည်ပြသနိုင်တော့ခြင်းမရှိပဲ ရှံးပွဲတွေ ဆက်လာခဲ့ရပါတယ်။

Photo Credit : The Star

ပရီးမီးယားလိဂ်ချန်ပီယံဖြစ်သွားတဲ့ လီဗာပူးလ်အသင်းကိုတောင် အခက်တွေ့အောင် ကစားနိုင်ခဲ့တဲ့ ရှက်ဖီးဟာ ဘောလုံးပွဲတွေ ပြန်လည်စတင်ကစားချိန်မှာတော့ ဗီလာကိုသရေကျခဲ့သလို နယူးကာဆဲလ်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ကိုလည်း (၂)ပွဲလုံး (၃)ဂိုးပြတ်တွေနဲ့ အရေးနိမ့်ခဲ့ရပါတယ်။ ရှက်ဖီးဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ယူနိုက်တက်အသင်းနဲ့ အိုးထရက်ဖိုဒ့်မှာ ရင်ဆိုင်ကစားခဲ့ရပြီး ပထမအကျော့ကလို သရေကျအောင် ခံမကစားနိုင်ခဲ့ပဲ ဂိုးအပြတ်အသတ်နဲ့ကို အရေးနိမ့်လိုက်ရပါတယ်။ ပွဲအပြီးမှာတော့ ရှက်ဖီးနည်းပြ ခရစ်ဝိုင်ဒါးလ်က “သူတို့အသင်းက ကျွန်တော်တို့အတွက် အလွန်ကို ခက်ခဲတဲ့အသင်းပါ”

Photo Credit : Daily Mail

“ဒါက ဒီတစ်ညအတွက်တင်မကဘူး။ ဒီတစ်ရာသီလုံးမှာ ကျွန်တော်တို့အသင်း ရင်ဆိုင်ခဲ့သမျှတွေထဲကမှ အခက်ခဲဆုံးပါ။ သင့်အနေနဲ့ လက်ရှိမှာ အကောင်းဆုံးပုံစံရှိမနေပဲ ဒီနေ့လိုမျိုး ဒီလိုအသင်းမျိုးနဲ့ ရင်ဆိုင်ရမယ်ဆိုရင်တော့ သေချာလေးကို ပြင်ဆင်ထားမှဖြစ်မယ်။ ကျွန်တော်တို့ အစောပိုင်းမိနစ်တွေမှာတော့ ပြိုင်ဘက်ကစားသမားတွေကို ဖိအားတွေပေးနိုင်ခဲ့ပါသေးတယ်။ ဒါပေမယ့် သူတို့တွေ သွင်းဂိုးစတင်ပိုင်ဆိုင်ပြီးနောက်မှာ သူတို့ရဲ့ ကမ္ဘာ့အဆင့်ကစားသမားတွေက ကျွန်တော်တို့အပေါ်မှာ ဖိအားတွေ စပေးလာပါတော့တယ်။ ကျွန်တော်တို့ကလည်း သူတို့ကို အခွင့်အရေးတွေ ပေးသလိုတောင် ဖြစ်စေခဲ့ရပါသေးတယ်။ သူတို့မှာ ကစားနေသူတွေကလည်း မယုံနိုင်လောက်အောင် ကောင်းမွန်လှသူတွေပါ။ ကျွန်တော်တို့အသင်းက ပထမပိုင်းရဲ့ မိနစ်အနည်းငယ်လေးအတွင်းမှာတော့ အကောင်းဆုံးပုံစံနဲ့ ကစားပြခဲ့ပါသေးတယ်။ ဒါပေမယ့် အဲ့ဒါလေးပါ။ အချိန်တိုလေးပဲ အကောင်းဆုံးကစားနိုင်ခဲ့တယ်” လို့ ရှင်းလင်းပြောဆိုခဲ့ပါတယ်။ ရှက်ဖီးအသင်းဟာ လက်ရှိ အမှတ်ပေးဇယားရဲ့အဆင့်(၈)နေရာမှာ ရပ်တည်လို့နေပြီး အဆင့်(၉)နေရာက အာဆင်နယ်အသင်းနဲ့ ရမှတ်(၁)မှတ်သာ ကွာဟနေပါတော့တယ်။