နယူးကာဆယ်နဲ့ ဘလက်ဘန်းအသင်းတို့ရဲ့ ဂန္တဝင်ကစားသမားဟောင်းကြီး အလန် ရှီးယားက မန်ချက်စတာ ယူနိုက်တက် တိုက်စစ်ကစားသမား ရက်စ်မတ်စ် ဟွိုင်လန်းဟာ ယူနိုက်တက်လို ဖိအားများနေတဲ့ အသင်းရဲ့ တိုက်စစ်ပိုင်းကို ဦးဆောင်နိုင်ဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ မှတ်ချက်ပြု ပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ နွေကမှ အတ္တလန်တာကနေ မန်ယူနိုက်တက်ဆီ ရောက်ရှိလာခဲ့တဲ့ ဒိန်းမတ်တိုက်စစ်မှူး ဟွိုင်လန်းဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် သွင်းဂိုးတွေ သွင်းယူပေးဖို့ ရုန်းကန်နေရပြီး ပရီးမီးယားလိဂ်မှာလည်း သွင်းဂိုး (၃)ဂိုးသာ သွင်းယူထားနိုင်သလို အခု ၂၀၂၅ထဲမှာတောင် (၁)ဂိုးတည်းသာ သွင်းယူထားနိုင်ပါတယ်။
Photo Credit : Stretty News
ယူနိုက်တက်ရဲ့ အထောင်တိုက်စစ်မှာ အဓိက ကစားသမားတစ်ဦးအဖြစ် ပါဝင်နေရတဲ့ ဟွိုင်လန်းဟာ လက်စတာလို အသင်းမျိုးနဲ့ ပွဲစဉ်ကလွဲပြီး ကျန်တဲ့ပွဲတွေမှာ ဂိုးသွင်းနိုင်ဖို့ ခက်ခက်ခဲခဲ ဖြစ်နေလို့ ပရိသတ်တွေနဲ့ ဘောလုံးသုံးသပ်သူတွေရဲ့ ဝေဖန်မှုနဲ့ ရင်ဆိုင်နေရပါတယ်။ အခုလည်း ပရီးမီးယားလိဂ် ကစားသမားဟောင်းကြီး ရှီးယားက “ကျွန်တော် ဟွိုင်းလန်းကို ကြည့်ရတာ ထိခိုက်နစ်နာနေတဲ့ ကစားသမားတစ်ဦးလို့ မြင်တယ်။ သူက မန်ချက်စတာ ယူနိုက်တက်လို အသင်းမျိုးမှာ တိုက်စစ်ကို ဦးဆောင်ဖို့ အသင့်မဖြစ်သေးဘူး။ အခုလည်း အသင့် မဖြစ်သေးဘူးလို့ ကျွန်တော် ထင်တယ်။”
“ပရီးမီးယားလိဂ်မှာ (၃)ဂိုးပဲ သွင်းထားနိုင်တယ်။ အခုအချိန်မှာ ကျွန်တော် မြင်နေရတာက တကယ်တမ်း ဂိုးရှေ့ကို ရောက်ချင်စိတ် သိပ်မရှိတဲ့ ကစားသမားမျိုးလိုပဲ။ သူက တစ်စက္ကန့်လောက် စောနေတာမျိုး ဒါမှမဟုတ် တစ်စက္ကန့်လောက် နောက်ကျနေတာမျိုး ဖြစ်နေပြီး သူ့ရဲ့ အချိန်ကိုက်မှုတွေ အားလုံးဟာလည်း မှားယွင်းနေတယ်။ သူဟာ ယုံကြည်မှု အကျပ်အတည်းကို ခံစားနေရတယ် ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။”
Photo Credit : BBC
“သူဟာ တကယ်ကို ခက်ခဲတဲ့ အခြေအနေတစ်ခုထဲကို ရောက်နေတာပါ။ ကလပ်အသင်းအတွက် တိုက်စစ်ကို ဦးဆောင်ဖို့ဆိုရင် သင်ဟာ ထူးခြား ကောင်းမွန်နေဖို့ လိုပါတယ်။ တကယ် အရည်အချင်းရှိဖို့ လိုပါတယ် သူဟာ အခုအချိန်မှာ တိုက်စစ်ကို ဦးဆောင်သင့်တဲ့ အဆင့်အတန်းမျိုးမှာ ရှိမနေသေးဘူး။ သူ့ဆီမှာ ကစားသမားကောင်း တစ်ယောက်ရဲ့ ပုံစံမျိုး မရှိဘူးလို့ ကျွန်တော် မပြောပါဘူး။ အလားအလာကောင်းတွေ ရှိနေတယ်လို့ ထင်ပါတယ်။ ဒါပေမယ့် သူ မလုပ်နိုင်သေးတဲ့ အရာတွေကို လုပ်ဖို့ ဖိအားပေးခံနေရတာရယ် သူ့ရဲ့ ပြောင်းရွှေ့ကြေးကြောင့်ရယ် သူဟာ အခုအချိန်မှာ တိုက်စစ်ကို ဦးဆောင်ဖို့ အဆင်သင့် မဖြစ်သေးပါဘူး။” လို့ ရှီးယားက သုံးသပ်သွားပါတယ်။
ဒီနောက်ပိုင်းမှာ ယူနိုက်တက် တိုက်စစ်ပိုင်းအတွက် အားထားရသူ ဖြစ်လာတဲ့ ဂျိုရှုအာ ဇာ့ခ်ဇီးက ဒဏ်ရာကြောင့် အခုရာသီကုန်အထိ အနားယူရတော့မှာဖြစ်လို့ ယူနိုက်တက် တိုက်စစ်မှာ ဟွိုင်လန်းနဲ့ လူငယ်တိုက်စစ်မှူးလေး ချီဒို အိုဘီတို့သာ ရှိနေတော့ပြီး ပရီးမီးယားလိဂ် လက်ကျန်ပွဲတွေမှာတော့ ချီဒို အိုဘီကို ပိုနေရာပေးကာ ဟွိုင်လန်းကို ယူရိုပါလိဂ်အတွက် အသုံးပြုသွားနိုင်ပါတယ်။