ပရီးမီးယားလိဂ်ရဲ့ ပြိုင်ပွဲသမိုင်းတလျှောက် အကောင်းဆုံးသော စွမ်းဆောင်ရည်တွေကို ပြသခဲ့ကြတဲ့ ထိပ်တန်းကစားသမားတွေကို ရွေးချယ်သွားမယ့် ပရီးမီးယားလိဂ် Hall of Fame စာရင်းမှာ ပထမဆုံးအဖြစ် ပရီးမီးယားလိဂ်ရဲ့ ဂန္တဝင်ကစားသမားဟောင်းကြီးတွေလို့ သတ်မှတ်ရမယ့် အာဆင်နယ်တိုက်စစ်မှူးဟောင်း သီယာရီအွန်နရီနဲ့ ဘလက်ဘန်းနဲ့ နယူးကာဆဲလ်အသင်းတွေရဲ့ တိုက်စစ်မှူးဟောင်း အလန်ရှီးယားတို့ စတင်ရွေးချယ်ခံခဲ့ရပါတယ်။

Photo Credit : Twitter

ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ Hall of Fame အတွက် ဘောလုံးသမား(၈)ယောက်ကို ရွေးချယ်သွားဖို့ရှိနေပြီး ကျန်နေသေးတဲ့ ကစားသမား(၆)ယောက်အတွက်ကိုတော့ ပရိသတ်တွေရဲ့ မဲပေးရွေးချယ်မှုနဲ့ ရွေးချယ်သွားဖို့ ရှိနေပါတယ်။ မဲပေးရွေးချယ်ခံစရာမလိုပဲ တိုက်ရိုက်ရွေးချယ်ခံရတဲ့ ရှီးယားနဲ့ အွန်နရီတို့ကတော့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ တခြားကစားသမားတွေထက် အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့သူတွေဖြစ်ပြီး ရှီးယားဆိုရင်လည်း အခုအချိန်ထိကို သွင်းဂိုး(၂၆၀)နဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံးသော ကစားသမားတစ်ဦးအဖြစ် စံချိန်တင်ထားနိုင်တာဖြစ်သလို အွန်နရီကလည်း ပရီးမီးယားလိဂ်မှာ ဂိုးသွင်းဘုရင်ဆုကို (၄)ကြိမ်အထိကို ပိုင်ဆိုင်ထားခဲ့ပြီး အာဆင်နယ်အသင်းရဲ့ ဂိုးသွင်းအများဆုံးသူအဖြစ်နဲ့ပါ ရပ်တည်ထားခဲ့တာဖြစ်ပါတယ်။

Photo Credit : Twitter

ပရီးမီးယားလိဂ် ဘောလုံးအဖွဲ့ချုပ်အနေနဲ့ Hall of Fame စာရင်းအတွင်းမှာ ထည့်သွင်းရွေးချယ်ရာမှာ ၂၀၂ဝခုနှစ် သြဂုတ်လ (၁)ရက်နေ့အထိ ဘောလုံးသမားဘဝကနေ အနားယူထားခဲ့သူတွေနဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲဝင် ကလပ်အသင်းတစ်သင်းသင်းအတွက် အနည်းဆုံးပွဲ(၂၀၀) ကစားခဲ့ဖူးသူ ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းဘုရင်ဆု အကောင်းဆုံးဂိုးသမားဆု ရာသီအလိုက် အကောင်းဆုံးကစားသမားဆုတွေ ရရှိဖူးသူ ပရီးမီးယားလိဂ်ဖလားကို အနည်းဆုံး (၃)ကြိမ်ရယူခဲ့ဖူးသူ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဂိုး(၁၀၀)အထိ သွင်းယူခဲ့ဖူးသူ ဂိုးသမားဆိုရင်လည်း Clean Sheet ကိုမှ ပွဲ(၁၀၀)အထိ ရယူနိုင်ခဲ့ဖူးသူ ပရီးမီးယားလိဂ်ရဲ့ ဆယ်စုနှစ်အကောင်းဆုံးအသင်းမှာ ပါဝင်ထားခဲ့ဖူးသူတွေ ဖြစ်ရမယ်လို့ သတ်မှတ်ထားပါတယ်။ ဒီလို သတ်မှတ်ချက်တွေနဲ့ ပြည့့်စုံနေတဲ့ ကစားသမား(၂၃)ဦးစာရင်းကိုလည်း ထုတ်ပြန်ထားပြီး အဲ့ဒီထဲကမှ ပရိသတ်မဲပေးမှု အမြင့်ဆုံးသော ကစားသမား(၆)ယောက်ကို ရွေးချယ်သွားမှာလည်းဖြစ်ပါတယ်။ မဲပေးမှုကို မေလ(၂)ရက်နေ့ နောက်ဆုံးထားပြီး https://www.premierleague.com/hall-of-fame/nominees မှာ သွားရောက်မဲပေးရမှာဖြစ်ပါတယ်။