MySport Myanmar

ကတ်စ်မဲရိုးကို အနီကတ် မပြသင့်ကြောင်း ချက်ကျလက်ကျ ရှင်းပြခဲ့တဲ့ အလန်ရှီးယား

ပရီးမီးယားလိဂ်ရဲ့ ထာဝရ ဂိုးသွင်း အများဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်ထားတဲ့ ဂန္တဝင် တိုက်စစ်မှူးကြီး အလန်ရှီးယားကတော့ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ၂-၁ ခရစ္စတယ် ပဲလေ့စ် ပွဲစဉ်မှာ ပြိုင်ဘက် ကစားသမားရဲ့ လည်ပင်းကို ညစ်မိသလို ဖြစ်ခဲ့တာကြောင့် အနီကတ် ထိသွားခဲ့တဲ့ ယူနိုက်တက် ကွင်းလယ်လူ ကတ်စ်မဲရိုးရဲ့ လုပ်ရပ်ဟာ အနီကတ် ပြရလောက်အောင် ပြင်းထန်မှု မရှိခဲ့ကြောင်း ချက်ကျလက်ကျ ရှင်းပြသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် ၂-၁ ခရစ္စတယ် ပဲလေ့စ် ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက်က ပွဲချိန် ၇၀မိနစ် ဝန်းကျင် အထိ ဧည့်သည် ခရစ္စတယ် ပဲလေ့စ်ကို ဖိအားပေး ကစားထားနိုင်ပေမယ့် ပွဲချိန် ၆၉မိနစ် ဝန်းကျင်မှာ ဖြစ်ခဲ့တဲ့ ရှာလပ်နဲ့ အန်တိုနီတို့ရဲ့ ရန်ပွဲကြောင့် နှစ်သင်းကြားမှာ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။

Photo Credit: The Athletic

အဆိုပါ ရန်ပွဲအတွင်းမှာ မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်ခံစစ် ကစားသမား ကတ်စ်မဲရိုးက ပဲလေ့စ် ကွင်းလယ်လူ ဟုချ်ရဲ့ လည်ပင်းကို လက်နှစ်ဖက်နဲ့ ကိုင်ကာ ဟုချ်ကို ဆောင့်တွန်းခဲ့ပြီး အဆိုပါအပြုအမူကြောင့်ပဲ VARနဲ့ ကွင်းလယ်ဒိုင် မာရင်နာတို့က ကတ်စ်မဲရိုးကို တိုက်ရိုက် အနီကတ် ပြခဲ့ပါတယ်။

လက်ရှိမှာတော့ ကတ်စ်မဲရိုး တယောက် အနီ ထိသင့် ၊ မထိသင့်နဲ့ ပတ်သတ်ပြီး အငြင်းပွားမှုတွေ ရှိနေကာ မန်ချက်စတာ ယူနိုက်တက် ပရိသတ် အများစုနဲ့ ဘောလုံးရေးရာ သုံးသပ်သူ တချို့က ကတ်စ်မဲရိုးဟာ ဟုချ်ကို ရည်ရွယ်ချက်ရှိရှိ လည်ပင်းညစ်ခဲ့တာ မဟုတ်တာကြောင့် အဝါကတ်လောက်သာ ပြသင့်ကြောင်း ပြောနေကြသလို ခရစ္စတယ် ပဲလေ့စ် ပရိသတ်တွေကတော့ ကတ်စ်မဲရိုးဟာ ဟုချ်ရဲ့ လည်ပင်းကို လက်နှစ်ဖက်နဲ့ ညစ်ခဲ့တာကြောင့် အနီကတ် ထိသင့်ကြောင်း ပြန်လည် တုံ့ပြန်ထားကြပါတယ်။

Photo Credit: The Athletic

ဂန္တဝင် တိုက်စစ်မှူး တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ အဖြစ် လုပ်ကိုင်နေတဲ့ အလန်ရှီးယားက ကတ်စ်မဲရိုးရဲ့ လုပ်ရပ်ဟာ အနည်းငယ် ပြင်းထန်ခဲ့တာ မှန်ပေမယ့် VARအဖွဲ့ရဲ့ ရုပ်သံထဲမှာ ပြသလောက် မပြင်းထန်ခဲ့ကြောင်း ၊ ကတ်စ်မဲရိုးနဲ့ ဟုချ်တို့ရဲ့ ရန်ပွဲကို ပရိသတ်ခုံတန်း ကနေ ရိုက်ထားတဲ့ ဗွီဒီယိုတွေ အရ ကတ်စ်မဲရိုးဟာ ဟုချ်ရဲ့ လည်ပင်းထက် ဟုချ်ရဲ့ အင်္ကျီစကိုသာ ပိုကိုင်ထားတာကြောင့် အနီကတ် မပြသင့်ကြောင်း သုံးသပ်သွားခဲ့ပါတယ်။

အလန်ရှီးယားက – “နှစ်ဖက်အသင်းရဲ့ ကစားသမားတွေ အားလုံးက တယောက်နဲ့ တယောက် တွန်းထိုးတာတွေ ၊ ဆွဲဖယ်တာတွေ လုပ်ကြတာကို ခင်ဗျားတို့ မြင်ကြပါလိမ့်မယ်။ ပြီးတော့ ကွင်းလယ်ဒိုင်က ကတ်စ်မဲရိုးရဲ့ နောက်ကျောကနေ ရိုက်ထားတဲ့ ရုပ်သံကို ကြည့်ခဲ့ရပါတယ်။ သူတို့က အဲ့ဒီရုပ်သံကို ကြည့်ပြီး ကတ်စ်မဲရိုးရဲ့ အပြုအမူက ပြင်းထန်တယ်လို့ ယူဆခဲ့ကြပါတယ်။ ဒါပေမယ့် ဟုချ်ရဲ့ အနောက်ကနေ ရိုက်ထားတဲ့ ရုပ်သံလည်း ရှိပါတယ်။ အဲ့ဒီရုပ်သံကို ကြည့်လိုက်မယ် ဆိုရင် ကတ်စ်မဲရိုးရဲ့ လုပ်ရပ်ဟာ ထင်ထားသလောက် မပြင်းထန်ခဲ့တာကို မြင်ရပါလိမ့်မယ်။ ဟုချ်ရဲ့ အနောက်ကနေ ရိုက်ထားတဲ့ ရုပ်သံကို အနီးကပ် ကြည့်မယ် ဆိုရင် ကတ်စ်မဲရိုးက ဟုချ်ရဲ့ လည်ပင်းကို ကိုင်ထားတာထက် သူ့ရဲ့ အင်္ကျီစကို ပိုကိုင်ထားတာ မြင်ရပါမယ်။ ဒါကြောင့် ဆုံးဖြတ်ချက်နဲ့ ပတ်သတ်ပြီး ပြောစရာတွေ များနေပါတယ်။ (အနီကတ်ကို သဘောမတူကြောင်း ရည်ရွယ်လျက်) ပြီးတော့ အယူးက ဖရက်ဒ်ကို ဘာလုပ်ခဲ့လဲ ဆိုတာကို ခင်ဗျားတို့လည်း တွေ့ကြမှာပါ။ အယူးကလည်း ဖရက်ဒ်ကို တွန်းတာတွေ ၊ ဆွဲဖယ်တာတွေ ၊ ရိုက်တာတွေ လုပ်ခဲ့တာပါပဲ။ ဒါပေမယ့် သူကတော့ အပြစ်ပေးမခံခဲ့ရပါဘူး” လို့ ကတ်စ်မဲရိုးရဲ့ ဖြစ်ရပ်ကို သေချာ ရှင်းပြသွားခဲ့တာပါ။

Exit mobile version