MySport Myanmar

ဆလိုဗက်ကီယားနဲ့ ပွဲမှာ အင်္ဂလန်က (၃)နေရာအထိ အပြောင်းအလဲ လုပ်သွားဖို့ ရှီးယား တိုက်တွန်း

ဆလိုဗက်ကီးယားအသင်းနဲ့ ရင်ဆိုင်သွားရမယ့် ယူရို-၂၀၂၄ပြိုင်ပွဲ ရှုံးထွက် (၁၆)သင်းအဆင့် ပွဲစဉ်မှာ အင်္ဂလန်အသင်းက ပွဲထွက်ကစားသမားစာရင်းရဲ့ နေရာ (၃)နေရာလောက်အထိ အပြောင်းအလဲ လုပ်ဆောင်သွားဖို့ လိုအပ်တယ်လို့ အင်္ဂလန် ဂန္တဝင်ကစားသမားဟောင်းကြီး အလန် ရှီးယားက တိုက်တွန်း ပြောဆိုလိုက်ပါတယ်။

အင်္ဂလန်အသင်းဟာ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ဒိန်းမတ် ဆာဘီးယား ဆလိုဗေးနီးယားအသင်းတို့နဲ့အတူ တစ်အုပ်စုတည်း ကျရောက်နေခဲ့ပြီး ဆာဘီးယား တစ်သင်းတည်းကိုသာ အနိုင်ရရှိခဲ့ကာ ဒိန်းမတ်နဲ့ ဆလိုဗေးနီးယားတို့ကိုတော့ သရေသာ ကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အင်္ဂလန်အသင်းက ရမှတ် (၅)မှတ်တည်းနဲ့ အုပ်စုဗိုလ်နေရာကို ရရှိခဲ့ရင်း ရှုံးထွက်မှာ ဆလိုဗက်ကီးယားနဲ့ တွေ့ဆုံရပါတော့မယ်။

Photo Credit : Sky News

အင်္ဂလန်တို့ အုပ်စု (C)ဟာ အုပ်စုပြီးဆုံးသွားချိန်မှာတောင် (၄)သင်းလုံးရဲ့ စုစုပေါင်း သွင်းဂိုးက (၇)ဂိုးသာ ရှိခဲ့တဲ့အပြင် နာမည်ကြီး အင်္ဂလန်အသင်းဆိုရင်လည်း ကစားခဲ့တဲ့ (၃)ပွဲလုံးမှာ အသင်းရဲ့ performance က လိုအပ်ချက်တွေ များစွာ ရှိနေတဲ့အပြင် အင်္ဂလန်နည်းပြ ဂါရတ် ဆောက်ဂိတ်ရဲ့ ကစားသမား အသုံးပြုမှုတွေဟာလည်း မေးခွန်းထုတ်စရာတွေ ရှိနေရပါတယ်။

ဟယ်ရီကိန်း ဖိုဒန် ဘယ်လင်ဟမ်တို့လို ပြီးခဲ့တဲ့ရာသီက အလွန်တောက်ပခဲ့တဲ့ ကစားသမားတွေအပြင် ဆာကာ ဒက်ကလန်ရိုက်စ် ဂျွန်စတုန်းတို့လို ထိပ်တန်းကစားသမားတွေပါ ပိုင်ဆိုင်ထားတဲ့ အင်္ဂလန်ဟာ အုပ်စုတွင်း (၃)ပွဲလုံးမှာ ဘာမှ မယ်မယ်ရရ စွမ်းဆောင်နိုင်ခြင်းမရှိပဲ ဆောက်ဂိတ်ရဲ့ ကစားသမား အသုံးပြုမှုတွေကလည်း တကယ်ကို အဆင်မပြေတွေ ဖြစ်နေခဲ့ရပါတယ်။

Photo Credit : Metro

ဒီအခြေအနေနဲ့ ပတ်သက်ပြီး ရှီးယားက နည်းပြ ဆောက်ဂိတ်အနေနဲ့ ဆလိုဗက်ကီးယားနဲ့ ပွဲစဉ်အတွင်း ပါလ်မာ မိန်းနူးနဲ့ ဂေါ်ဒွန်တို့ကို ပွဲချိန်အများအပြား အသုံးပြုသွားစေချင်တယ်လို့ တိုက်တွန်း ပြောဆိုသွားခဲ့ပါတယ်။ “ဆောက်ဂိတ်က မိန်နူးကို ဒုတိယပိုင်းအစမှာ သုံးခဲ့ပေမယ့် ကျန်တဲ့ လူစားလဲမှုတွေကတော့ အရမ်းနောက်ကျတယ်လို့ ထင်ပါတယ်။ ဒါပေမယ့် လူစားလဲမှု (၃)ခုလုံးကတော့ အသင်းအတွက် သက်ရောက်မှုတွေ ရှိခဲ့တယ်။”

“ကွင်းလယ်မှာ မိန်းနူး ဝင်လာတာ အရမ်းကောင်းတယ်။ သူ ဝင်လာပြီးတော့ ကွင်းလယ်မှာ တခုခု ထူးခြားသွားစေခဲ့တယ်။ ပါလ်မာလည်း ညာခြမ်းမှာ ကောင်းကောင်း ကစားနိုင်ခဲ့တယ်။ သူရဲ့သက်ရောက်မှုကလည်း တကယ်ကို ကြီးမားပါတယ်။ ဂေါ်ဒွန်လည်း မိနစ်အနည်းငယ်လေးပဲ ကစားခဲ့ရပေမယ့် သူလည်း သက်ရောက်မှုရှိအောင် ကစားပေးနိုင်ခဲ့တယ်။ ဒါကြောင့် ဂါရတ်အနေနဲ့ လာမယ့်ပွဲတွေမှာ အပြောင်းအလဲ လုပ်ဆောင်သွားရပါတော့မယ်။” လို့ ရှီးယားက မှတ်ချက်ပြုသွားခဲ့ပါတယ်။

Exit mobile version