နယူးကာဆယ်အသင်း ၊ ဘလက်ဘန်းအသင်းတို့နဲ့အတူ ပရီးမီးယားလိဂ်ရဲ့ ကြောက်စရာ အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦး အဖြစ် ခြေစွမ်းပြခဲ့ဖူးတဲ့ တိုက်စစ်မှူးကတော့ အင်္ဂလန်သားကြီး အလန်ရှီးယားပဲ ဖြစ်ပါတယ်။ ရှီးယားဟာ အင်္ဂလန်ပရီးမီးယားလိဂ်ရဲ့ ထာဝရ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ထားသူဖြစ်ပြီး တီဗွီအစီအစဉ် တစ်ခုမှာတော့ ရှီးယားက အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူးဟောင်း အွန်နရီနဲ့ မန်စီးတီး အသင်းရဲ့တိုက်စစ်မှူး အဂူရိုတို့ကြားထဲမှာ ဘယ်သူက ပိုကောင်းတဲ့ တိုက်စစ်မှူးလဲဆိုတာကို ရွေးချယ်ကာ ဘာ့ကြောင့် ရွေးရသလဲဆိုတာကိုပါ ရှင်းပြသွားခဲ့ပါတယ်။

Photo Credit: Metro.com

အွန်နရီဟာ အာဆင်နယ်အသင်းနဲ့အတူ ဥရောပထိပ်သီးလိဂ် ငါးခုမှာ ဘယ်အသင်းကမှ မရယူထားနိုင်ဖူးသေးတဲ့ ရှုံးပွဲမရှိစံချိန်နဲ့ လိဂ်ဖလားကို ရရှိခဲ့ဖူးသူဖြစ်​ပြီး အာဆင်နယ်အသင်းရဲ့ သမိုင်းတစ်လျှောက် အကောင်းဆုံး တိုက်စစ် ကစားသမားအဖြစ် ပရိသတ်တွေရဲ့ သတ်မှတ်မှု ကို ခံထားရတဲ့သူပါ။ လက်ရှိအချိန်မှာ အသက် ၃၁နှစ်အရွယ်ကို ရောက်ရှိနေပေမယ့် မန်စီးတီးအသင်းရဲ့ အဓိကတိုက်စစ်မှူး ဖြစ်နေသေးတဲ့ အဂူရိုကတော့ မန်စီးတီးအသင်းရဲ့ အောင်မြင်မှုများစွာမှာ အဓိက ကျတဲ့ သူတစ်ဦးဖြစ်နေပြီး သူဟာ မန်စီးတီးအသင်းနဲ့အတူ ဆုဖလားပေါင်း များစွာကို ဆွတ်ခူးနိုင်ခဲ့ကာ မန်စီးတီးအသင်းရဲ့ သက်ရှိဂန္တဝင်တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူပဲ ဖြစ်ပါတယ်။

Photo Credit: Metro.com

အဂူရိုနဲ့ အွန်နရီမှာ ဘယ်သူ့ကို ရွေးချယ်မလဲဆိုတဲ့ မေးခွန်းအပေါ် ရှီးယားက ” ကျွန်တော်က အဂူရိုကို အွန်နရီထက်ပိုပြီး သဘောကျပါတယ်။ အဂူရိုက အခုချိန်မှာ အသက်၃၂နှစ် ပြည့်တော့မှာ ဆိုပေမယ့် အခုချိန်အထိ တိုက်စစ်ရဲ့ ဘယ်နေရာကနေမဆို သွင်းဂိုးတွေ သွင်းယူနေနိုင်ဆဲပါ။ သူက မှော်ဆန်တဲ့အသင်းတစ်သင်းမှာ ကစားနေရတာကို ကျွန်တော်သိပါတယ်။ ဒါပေမယ့် ပွဲ၂၆၀ကစားထားရာမှာ ၁၈၀ဂိုးအထိ သွင်းယူထားနိုင်တဲ့ ခြေစွမ်းကိုတော့ အသိအမှတ် ပြုရမှာပါ။ ကျွန်တော်က နှစ်ယောက်စလုံးကို ချစ်ပါတယ်။ အွန်နရီက ကွဲပြားတဲ့ တိုက်စစ်မှူး တစ်ဦးပါ။ အခုခေတ် တိုက်စစ်မှူးတွေရဲ့ ပုံစံက နည်းနည်းလေး ပြောင်းလဲသွားပါပြီ။ အခုချိန်မှာ အထောင်တိုက်စစ်မှူးက နည်းနည်းလေးပဲ ရှိပါတော့တယ်။ နှစ်ဦးစလုံးဟာ ထိပ်တန်းဂိုးသွင်းသူတွေချည်းပဲ မဟုတ်ပါဘူး။ သူတို့က ထိပ်သီး ဂိုးတွေကိုပါ သွင်းနိုင်တဲ့သူတွေပါ ” လို့ ဖြေဆိုသွားခဲ့ပါတယ်။