MySport Myanmar

ဆာကာက ယူရို-၂၀၂၄မှာ အင်္ဂလန်ရဲ့ အကောင်းဆုံး ကစားသမားလို့ ရှီးယား ချီးကျူး

အင်္ဂလန် လက်ရွေးစင်အသင်းရဲ့ တောင်ပံကစားသမား ဘူကာယို ဆာကာဟာ ယူရို-၂၀၂၄ ပြိုင်ပွဲအတွင်း အင်္ဂလန်အသင်းအတွက် ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးသော ကစားသမားတစ်ယောက် ဖြစ်တယ်လို့ အင်္ဂလန် ဂန္တဝင် ကစားသမားဟောင်းကြီး အလန် ရှီးယားက ချီးကျူး ပြောဆိုလိုက်ပါတယ်။

အင်္ဂလန်အသင်းဟာ ယူရို-၂၀၂၄ ပြိုင်ပွဲကြီးကို ဆင်နွဲဖို့အတွက် ဘယ်လင်ဟမ် ၊ ဖိုဒန် ၊ ဟယ်ရီကိန်း ၊ ဒက်ကလန်ရိုက်စ် ၊ ဆာကာတို့လို ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက သက်ဆိုင်ရာ ကလပ်အသင်းတွေအတွက် အကောင်းဆုံး ခြေစွမ်းတွေ ပြသနိုင်ခဲ့ကြတဲ့ ထိပ်တန်း ကစားသမားတွေကို ထည့်သွင်း ရွေးချယ်ခဲ့လို့ ပြိုင်ပွဲ မစတင်ခင်မှာပဲ ရေပန်းအစားဆုံးအသင်း ဖြစ်ခဲ့ရပါတယ်။

Photo Credit : Goal

ဒါပေမယ့် အင်္ဂလန်တစ်သင်းလုံးက ချန်ပီယံ ခြေစွမ်းမျိုးတော့ ပြသနိုင်ခြင်း မရှိပဲ ရုန်းကန်ခဲ့ရပေမယ့် ဘယ်လင်ဟမ် ဆာကာတို့လို ကစားသမားတွေရဲ့ magical moments တွေနဲ့အတူ အခုဆို အင်္ဂလန်က ဖိုင်နယ်အဆင့်ထိပါ တက်လှမ်းနိုင်ခဲ့ရပြီပဲ ဖြစ်ပါတယ်။ အသက် (၂၂)နှစ်အရွယ် အာဆင်နယ် တောင်ပံကစားသမား ဆာကာဆိုရင်လည်း ပြီးခဲ့တဲ့ ယူရို-၂၀၂၀တုန်းက ဖိုင်နယ်မှာ ပင်နယ်တီ အဆုံးအဖြတ် ခံယူတုန်းက ဂိုးဝင်အောင် မကန်နိုင်ခဲ့လို့ ရပ်ရှ်ဖို့ဒ် ဆန်ချိုတို့နဲ့အတူ ဝေဖန်ခံခဲ့ရသူလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ဒီယူရိုမှာတော့ ဆာကာက အင်္ဂလန်အတွက် ပွဲအားလုံး ပွဲထွက်ကစားသမားအဖြစ် တောက်လျှောက် ပါဝင်ခဲ့ရသလို အသင်းအတွက် အရေးပါတဲ့ ချေပဂိုးကို ဆွစ်ဇာလန်နဲ့ပွဲမှာ သွင်းယူနိုင်ခဲ့ပြီး အဲ့ဒီပွဲမှာပဲ ပင်နယ်တီ အဆုံးအဖြတ် ခံယူရချိန်မှာ ပင်နယ်တီ ကန်သွင်းခဲ့ရရင်း ဂိုးဝင်အောင် ကန်သွင်းနိုင်ခဲ့ပါတယ်။

Photo Credit : Eurosport

ဆာကာနဲ့ ပတ်သက်ပြီး အလန် ရှီးယားက “ဒီပြိုင်ပွဲမှာ အင်္ဂလန်အတွက် ထင်ရှားကျော်ကြားခဲ့တဲ့ ကစားသမားတွေကို ရွေးထုတ်ရမယ်ဆိုရင် အနည်းငယ်လောက်ကို ဖော်ပြရပါမယ်။ ဆာကာ မိန်နူး ပစ်ဖို့ဒ် ဂေဟီတို့က ဒီပြိုင်ပွဲရဲ့ အင်္ဂလန်ရဲ့ အကောင်းဆုံး ကစားသမားတွေပါပဲ။”

“အဲ့ဒီထဲကမှ ကျွန်တော်ကတော့ ဘူကာယို ဆာကာကို ကျွန်တော်ရဲ့ ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး ကစားသမားအဖြစ် ရွေးချယ်ချင်ပါတယ်။ သူက ဒီပြိုင်ပွဲတစ်လျှောက်လုံးမှာ အံ့အားသင့်စရာ စွမ်းဆောင်ရည်တွေ ပြသထားတယ်။ သူ့ကစားပုံက သစ်လွင်ပြီး အင်ပြည့်အားပြည့်နဲ့လည်း ကစားနိုင်တယ်။ လူတိုင်းကလည်း သူ့ကို သဘောကျကြတယ်။ ဒါကြောင့် သူ့ကို ဖိုင်နယ်နေ့မှာ မှော်ဆန်တဲ့ အခိုက်အတန့်တွေ လုပ်ပြနိုင်ဖို့လည်း မျှော်လင့်မိပါတယ်။” လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Exit mobile version