MySport Myanmar

ကြွက်သားဒဏ်ရာကြောင့် နိုဝင်ဘာလနှောင်းပိုင်းမှ ဘောလုံးပြန်ကစားနိုင်မယ့် လုခ်ရှော

ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက ဘယ်နောက်ခံလူ လုခ်ရှောက မကြာသေးမီကမှ ရခဲ့တဲ့ ကြွက်သားဒဏ်ရာကြောင့် ၂လကျော်ကြာ အနားယူရတော့မယ်လို့ နာမည်ကြီး သတင်းထောက် တချို့က အခိုင်အမာ ဖော်ပြလာကြပါတယ်။

အသက် ၂၈နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ဘယ်နောက်ခံလူ လုခ်ရှောက ၂၀၁၄ခုနှစ်မှာ ဆောက်သမ်တန် ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေး ပေါင် ၃၄သန်း ဝန်းကျင်နဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး သူက ယူနိုက်တက်မှာ ၆နှစ်ကြာအောင် ဖြတ်သန်းခဲ့ပြီးနောက် အသင်းရဲ့ အဓိက ကစားသမား တဦး ဖြစ်လာပါတယ်။

Photo Credit: Bein Sports

လုခ်ရှောက လက်ရှိနည်းပြ တန်ဟက်ဂ်ရဲ့ လက်အောက်မှာ မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံမှာ ၄၉ပွဲ အထိ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၆ကြိမ် အထိ ပြုလုပ်ပေးပြီး အသင်းရဲ့ မရှိမဖြစ် ကစားသမား အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပါတယ်။

လုခ်ရှောက ဒီရာသီမှာလည်း ၂ပွဲ ပါဝင် ကစားပေးထားပေမယ့် မကြာသေးမီကမှ ကြွက်သားဒဏ်ရာ တခု ရခဲ့တာကြောင့် အနားယူနေရပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ ဆေးအဖွဲ့ဝင်တွေက လုခ်ရှောရဲ့ ဒဏ်ရာကို ကြပ်ကြပ်မတ်မတ် ကုသပေးနေသလို လိုအပ်တဲ့ ဆေးစစ်မှုတွေလည်း လုပ်ပြီးပါပြီ။

Photo Credit: The Sun

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဆိုင်မွန် စတုန်းစ်ရဲ့ ဖော်ပြချက်အရ လုခ်ရှောရဲ့ ဒဏ်ရာက ထင်ထားတာထက် ပိုမို ပြင်းထန်နေတာကြောင့် လုခ်ရှောဟာ ၁၀ပတ်ဝန်းကျင် (၂လခွဲ) အနားယူပြီးမှသာ ဘောလုံးပြန်ကစားနိုင်မယ်လို့ သိရပါတယ်။

ဒါကြောင့် လုခ်ရှောက နိုဝင်ဘာလ နှောင်းပိုင်းမှသာ မန်ချက်စတာ ယူနိုက်တက် အတွက် ပြန်ကစားပေးနိုင်ဖွယ် ရှိနေကာ မန်ချက်စတာ ယူနိုက်တက်ကတော့ သူ့ရဲ့နေရာအတွက် အစားထိုးမှု အဖြစ် စပါးဘယ်နောက်ခံလူ ရယ်ဂီလွန်ကို တရာသီအငှားနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားပါတယ်။

Exit mobile version