လုရှော့ကတော့ မန်ယူအသင်းအနေနဲ့ ယူရိုပါလိဂ် ပြိုင်ပွဲ နဲ့ အက်ဖ်အေ ပြိုင်ပွဲမှာ ဗိုလ်လုပွဲကို ရောက်ပြီး ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အဆင့် (၄) ဝင်နိုင်ရမယ်လို့ တိုက်တွန်းသွားခဲ့ပါတယ်။ မန်ယူအသင်းဟာ လက်ရှိမှာတော့ အက်ဖ်အေ ဖလား ပဉ္စမအဆင့်၊ ယူရိုပါလိဂ် (၃၂) သင်းအဆင့် နဲ့ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ရမှတ် (၄၁) မှတ်နဲ့ အဆင့် (၅) နေရာကို ရထားပါတယ်။ မန်ယူအသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ (၅) ပွဲမှာ (၁) ပွဲသာ ရှုံးနိမ့်ခဲ့ပြီး ပရီးမီးယားလိဂ် ပြိင်ပွဲမှာတော့ နောက်ဆုံး (၃) ပွဲဆက် ရှုံးပွဲ မရှိဘဲ ရလဒ်ကောင်းနေလျက် ရှိပါတယ်။

Photo Credit: Goal

မန်ယူအသင်းဟာ နည်းပြ မော်ရင်ဟိုကို ထုတ်ပယ်ပြီး နည်းပြ ဆိုးလ်ရှားကို ခန့်အပ်ပြီးနောက် ကစားသမားဟောင်းတွေ ရောင်း၊ ကစားသမားသစ်တွေ ခေါ်နဲ့ အပြောင်းလဲ ပြုလုပ်ခဲ့ပါတယ်။ မန်ယူအသင်းဟာ အခုနောက်ပိုင်း နည်းပြ ဆိုးလ်ရှားနဲ့ အတူ ပုံစံကောင်းတွေ ပြန်ရရှိလာခဲ့ပြီး မန်ယူ နောက်ခံလူ လုရှော့အနေနဲ့လည်း အရင်ကထက် ခြေစွမ်း ပိုကောင်းလာပြီ ဖြစ်ပါတယ်။ မန်ယူ နောက်ခံလူ လုရှော့ကတော့ လက်ရှိရာသီ မကုန်ခင်မှာ ဘယ်ပြိုင်ပွဲကနေမှ မထွက်ဘဲ ပြိုင်ပွဲတိုင်းမှာ ဆက်လက် ကစားနေရမယ်လို့ အသင်းသားတွေကို တိုက်တွန်းသွားခဲ့ပါတယ်။

Photo Credit: Goal

လုရှော့က “ကျွန်တော်တို့ ဗိုလ်လုပွဲတိုင်းကို ရောက်သင့်ပြီး ရာသီမကုန်ခင် ပြိုင်ပွဲတွေတိုင်းမှာ ပါဝင်ကစားနေသင့်ပါတယ်။ ကျွန်တော်တို့ လက်ရှိအချိန်မှာ ကိုယ့်ကိုကိုယ် ယုံကြည်မှု အလွန် ရှိပါတယ်။ ကျွန်တော်တို့ဟာ ဖလား ပြိုင်ပွဲ (၂) ခုမှာ ပါဝင် ကစားနေရပါတယ်။ လိဂ်ပြိုင်ပွဲက ထိပ်သီး ဦးစားပေး ဖြစ်နေဆဲပါပဲ။ ကျွန်တော်တို့အသင်းက အဆင့် (၄) နေရာ ဝင်နိုင်ဖို့အတွက် အခွင့်ကောင်းတွေကို ရရှိထားပြီး ကျွန်တော်တို့အနေနဲ့ ဖလား ပြိုင်ပွဲ (၂) ခုစလုံးမှာ အင်မတန် ကောင်းတဲ့ အခွင့်အရေးတွေ ရှိနေပါသေးတယ်။ ကျွန်တော်တို့အနေနဲ့ အဲဒီပွဲစဉ်တွေ အားလုံးအနိုင်ရချင်ပါတယ်”လို့ ပြောခဲ့ပါတယ်။ မန်ယူအသင်းဟာ လာမယ့် ပွဲစဉ် အဖြစ် ယခုအပတ် ကြာသပတေးနေ့ညမှာ ဘရုဂေးအသင်းနဲ့ ယူရိုပါလိဂ် (၃ ၂) သင်းအဆင့် ဒုတိယအကျော့ အိမ်ကွင်း ပွဲစဉ်ကို ကစားရမှာ ဖြစ်ပြီး ပထမအကျော့မှာ (၁-၁) သရေကျခဲ့ကြတာပဲ ဖြစ်ပါတယ်။