MySport Myanmar

ဟယ်ရီကိန်းနဲ့ ဒီကလန်ရိုက်စ်တို့ကို မန်ယူဆီ ပြောင်းလာဖို့ တိုက်တွန်းနေတဲ့ လုခ်ရှော

ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ အင်္ဂလန်တို့ရဲ့ အဓိက ဘယ်နောက်ခံလူ လုခ်ရှောက သူဟာ အင်္ဂလန် အသင်းဖော်တွေ ဖြစ်တဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းနဲ့ ဒီကလန်ရိုက်စ်တို့ကို ယူနိုက်တက်မှာ မြင်ချင်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

လုခ်ရှောရဲ့ မန်ချက်စတာ ယူနိုက်တက်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ကာရာဘောင်း ချန်ပီယံ ဖြစ်ခဲ့သလို ချန်ပီယံလိဂ်ဝင်ခွင့်လည်း ရထားတာကြောင့် ယခု နွေဈေးကွက် အတွင်းမှာ ထိပ်တန်း ကစားသမားတွေကို ခေါ်ယူကာ အသင်းကို အားဖြည့်မှုတွေ လုပ်ဆောင်ဖို့ စီစဉ်နေတဲ့ အသင်းပဲ ဖြစ်ပါတယ်။

Photo Credit: Team Talk

မန်ချက်စတာ ယူနိုက်တက်က ယခု နွေဈေးကွက် အတွင်းမှာ တိုက်စစ်မှူး တဦး ၊ ကွင်းလယ်လူ တဦး ၊ ဗဟိုခံစစ်မှူး တဦးနဲ့ ဂိုးသမား တဦးတို့ကို ခေါ်ယူဖို့ လျာထားပြီး ယူနိုက်တက်ရဲ့ ပစ်မှတ် ကစားသမားတွေထဲမှာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းနဲ့ ဝက်စ်ဟမ်း ကွင်းလယ်လူ ဒီကလန်ရိုက်စ်တို့လည်း ပါဝင်နေပါတယ်။

ဟယ်ရီကိန်းနဲ့ ဒီကလန်ရိုက်စ်တို့က အင်္ဂလန်အသင်းရဲ့ အဓိက ကစားသမားတွေ ဖြစ်ကြသလို ကမ္ဘာ့အဆင့် ကစားသမားတွေ ဖြစ်ကြပြီး စပါးနဲ့ ဝက်စ်ဟမ်းတို့က သူတို့ရဲ့ နှစ်ဦးအတွက် အနိမ့်ဆုံး ပြောင်းရွှေ့ကြေး ပေါင် ၁၀၀သန်း လိုချင်နေကြပါတယ်။

Photo Credit: Standard

လက်ရှိမှာတော့ ဟယ်ရီကိန်းနဲ့ ဒီကလန်ရိုက်စ်တို့က အင်္ဂလန်အသင်းနဲ့အတူ မန်ချက်စတာ ယူနိုက်တက်ရဲ့ လေ့ကျင့်ရေးကွင်း ဖြစ်တဲ့ ကာရင်တန်ကွင်းမှာ လေ့ကျင့်မှုတွေ ပြုလုပ်နေပြီး ယူနိုက်တက် ဘယ်နောက်ခံလူ လုခ်ရှောက ကိန်းနဲ့ ရိုက်စ်တို့ကို ကာရင်တန်ကွင်းအား လှည့်လည် ပြသခဲ့သလို ယူနိုက်တက်ဆီ ပြောင်းရွှေ့လာအောင် စည်းရုံးမှုတွေလည်း လုပ်နေပါတယ်။

နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာလည်း လုခ်ရှောက သူဟာ ဟယ်ရီကိန်းနဲ့ ဒီကလန်ရိုက်စ်တို့ကို ယူနိုက်တက်မှာ မြင်တွေ့ချင်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါသေးတယ်။ လုခ်ရှောက – “ဟယ်ရီကိန်းနဲ့ ဒီကလန်ရိုက်စ်တို့ နှစ်ယောက်စလုံးဟာ ကမ္ဘာ့အဆင့် ကစားသမားတွေပါ။ သူတို့ရဲ့ အသင်းတွေက သူတို့အတွက် ဘယ်အသင်းတွေနဲ့ ဆွေးနွေးနေလဲ ဆိုတာကို ကျွန်တော် မသိပါဘူး။ ဒါပေမယ့် တကယ်လို့ ကျွန်တော်ကသာ အပြောင်းအရွှေ့ကိစ္စတွေကို စီမံခွင့် ရခဲ့မယ် ဆိုရင် သူတို့နှစ်ယောက်စလုံးကို ယူနိုက်တက်ဆီ ခေါ်ချင်ပါတယ်” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

Exit mobile version