မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဘယ်နောက်ခံကစားသမား လုခ်ရှောကတော့ ပြီးခဲ့တဲ့စနေနေ့တုန်းက အဲဗာတန်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ရဲ့ ဒုတိယပိုင်းပွဲကစားချိန်အတွင်းမှာ တံကောက်ကြောဒဏ်ရာ ရရှိသွားခဲ့တာကြောင့် အခုဆိုရင် တစ်လနီးပါးခန့်လောက်အထိ အနားယူရတော့မှာဖြစ်ပြီး အခုလို အသင်းရဲ့ အဓိက ကစားသမားတွေ ဒဏ်ရာရရှိနေတဲ့အပေါ် ယူနိုက်တက်နည်းပြဆိုးလ်ရှားက အသင်းရဲ့ ပွဲစဉ်ဇယား အရမ်းကျပ်နေမှု ပွဲစဉ်ရေးဆွဲမှုတွေရဲ့အပေါ်မှာ စိတ်ပျက်လျက်ရှိနေပါတယ်။

Photo Credit : Goal

အသက်(၂၅)နှစ်အရွှယ်ရှိ အင်္ဂလန်ဘယ်နောက်ခံကစားသမား လုခ်ရှောဟာ အဲဗာတန်ကို (၁)ဂိုး(၃)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်အတွင်းမှာ တံကောက်ကြောဒဏ်ရာကို ရရှိခဲ့လို့ ဒုတိယပိုင်း ပွဲကစားချိန် (၆၆)မိနစ်အတွင်းမှာ တခြားနောက်ခံလူ တွမ်ဇီဘီနဲ့ လူစားလဲခဲ့ရသလို အသင်းရဲ့ ဆေးအဖွဲ့ဝင်တွေ စစ်ဆေးပြီးနောက်မှာလည်း (၄)ပတ်ကနေ (၆)ပတ်အထိ အနားယူရတော့မှာဖြစ်ပါတယ်။ အခုလို အသင်းရဲ့ အဓိက ကစားသမားတစ်ယောက် ဒဏ်ရာရသွားခဲ့တဲ့အပေါ် ယူနိုက်တက်နည်းပြဆိုးလ်ရှားက “ကျွန်တော်တို့အသင်းသား လုခ်ရှောရသွားခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့အသင်းသားတွေက ဒီရာသီမှာ ပွဲပေါင်းများစွာကို ပါဝင်ကစားခဲ့ရလို့ပါ”

Photo Credit : Metro

“ဗုဒ္ဓဟူးနေ့မှာပဲ ကျွန်တော်တို့ တူရကီမှာ ကစားခဲ့ရတယ်။ ပြီးတော့ ကြာသပတေးနေ့ မနက်(၄)နာရီလောက်မှာ ဒီကို ပြန်ရောက်လာတယ်။ ပြီးတော့ စနေနေ့ နေ့လည်စာစားရချိန်မှာပဲ အဲဗာတန်အသင်းနဲ့ ကစားခဲ့ရတယ်။ ဒါက တကယ့်ကို ညင်းဆဲနေသလို ဖြစ်နေရတယ်။ ကစားသမားတွေ ပြသနိုင်တဲ့ စွမ်းဆောင်ရည်တွေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်ဘက်ကနေ ချီးကျူးမှုတွေ လုံလုံလောက်လောက် မလုပ်နိုင်လောက်အောင် ဖြစ်ခဲ့ရတယ်။ ဒါတွေအားလုံးက ကျွန်တော်ပြောဆိုချင်နေတဲ့ အကြောင်းအရာတွေပဲ။ တကယ်ဆို ဒီကစားသမားတွေအနေနဲ့ အခုလို ဒဏ်ရာအနာတရတွေနဲ့ ရင်ဆိုင်ခဲ့ရတာမျိုး မဖြစ်ခဲ့သင့်ဘူး။ ဒါကို ပြိုင်ပွဲရဲ့ တာဝန်ရှိသူတွေဘက်ကနေလည်း ကာကွယ်ပေးဖို့ ပျက်ကွယ်ခဲ့တယ်” လို့ ဝေဖန်ပြစ်တင်သွားခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ အဲဗာတန်ကို အနိုင်ရခဲ့တဲ့ ပွဲစဉ်အတွင်းမှာ တိုက်စစ်မှူးမားကပ်ရပ်ဖိုဒ့် ဘယ်နောက်ခံကစားသမားလုခ်ရှောနဲ့ ဗဟိုနောက်ခံကစားသမား ဗစ်တာလင်ဒီလော့တို့ ဒဏ်ရာပြသာနာတွေနဲ့ အသီးသီးရင်ဆိုင်ခဲ့ရပြီး ဒီထဲကမှ လုခ်ရှောရဲ့ တံကောက်ကြောဒဏ်ရာက ရက်ရှည်အနားယူရမယ့် ဒဏ်ရာဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာ နိုင်ငံတကာပွဲတွေ ကျင်းပနေချိန်ဖြစ်ပြီး တခြားဘယ်နောက်ခံလူ အဲလက်စ်တဲလက်စ်ကလည်း ကိုဗစ်ကူးစက်မှုကနေ ပြန်လည်သက်သာနေပြီဖြစ်လို့ ယူနိုက်တက်အတွက် စိတ်အေးရနိုင်ပါတယ်။