ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ အင်္ဂလန် လက်ရွေးစင် ဘယ်နောက်ခံလူ လုခ်ရှောကတော့ သူ့ရဲ့ နိုင်ငံလက်ရွေးစင် အသင်းဖော် တိုက်စစ်မှူး ဟယ်ရီကိန်းဟာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူး ဖြစ်ကြောင်း ထုတ်ဖော် ချီးကျူးသွားခဲ့ပါတယ်။

အသက် ၂၆နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ဘယ်နောက်ခံလူ လုခ်ရှောဟာ ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက်နဲ့အတူ ပုံမှန် ခြေစွမ်းကောင်းတရပ် ပြသနိုင်ဖို့ ရုန်းကန်နေရပေမယ့် အင်္ဂလန်အတွက် အရေးပါတဲ့ ခံစစ်မှူး တဦး အဖြစ် ဆက်လက် ခြေစွမ်းပြနေသူ ဖြစ်ပြီး နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ်မှာလည်း အသင်းအတွက် သွင်းဂိုး တဂိုးကို သွင်းယူပေးထားပါတယ်။

Photo Credit: Metro

အင်္ဂလန်နဲ့ စပါးတို့ရဲ့ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းကတော့ လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး အထောင်တိုက်စစ်မှူး အဖြစ် သတ်မှတ်ခံထားရပြီး အင်္ဂလန်ရဲ့ ထာဝရ ဂိုးသွင်း အများဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်ဖို့ သွင်းဂိုးအနည်းငယ်သာ လိုအပ်တော့သူလည်း ဖြစ်ပါတယ်။

ဒါကြောင့်ပဲ လုခ်ရှောက သူ့ရဲ့ အသင်းဖော် တိုက်စစ်မှူး ဟယ်ရီကိန်းဟာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူး ဖြစ်ကြောင်း ယုံကြည်နေပြီး ဟယ်ရီကိန်းက နောက်ထပ် ရွှေဖိနပ်ဆုတွေနဲ့ အခြား ဂိုးသွင်းစံချိန်ကောင်းတွေကို ထပ်မံ ရယူနိုင်လိမ့်မယ်လို့လည်း ဟောကိန်းထုတ်ခဲ့ပါတယ်။

Photo Credit: Metro

လုခ်ရှောက – “ ကျွန်တော့်အတွက် အခုချိန်မှာ ဟယ်ရီက ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တဦးပါပဲ။ သူက အကောင်းဆုံး တိုက်စစ်မှူးတောင် ဖြစ်နိုင်ပါတယ်။ သူ့ရဲ့ ကစားပုံကလည်း အတော်လေးကို ကောင်းနေတာပါ။ ဒါကြောင့် သူ့အနေနဲ့ ရထားတဲ့ ပုံစံကောင်း တခုကို အပတ်စဉ် ဆက်လက် ထိန်းသိမ်းနိုင်ဖို့ မျှော်လင့်ထားပါတယ်။ သူ့ရဲ့ ကစားပုံကို ထိုင်ကြည့်နေရတာကလည်း အရသာ တမျိုး ပေးစွမ်းနိုင်ပါတယ်။ ကျွန်တော်ကတော့ သူဟာ နောက်ထပ် ရွှေဖိနပ်ဆုတွေ ထပ်ရဦးမယ်လို့ ယုံကြည်နေသလို သူက တခြားစံချိန်ကောင်းတွေကို ဆက်ပြီး ချိုးဖျက်နေဦးမယ် ဆိုတာလည်း အသေအချာပါပဲ” လို့ ထုတ်ဖော် ချီးကျူးသွားခဲ့တာပါ။