မန်ယူ နောက်ခံလူ လုရှော့က အာဆင်နယ်အသင်းဟာ လက်ရှိရာသီမှာ အကောင်းဆုံး ရာသီကို မပိုင်ဆိုင်ရပေမဲ့ ဝေဖန်မှုတွေကို မခံရဘဲ မန်ယူအသင်းပဲ မမျှတစွာ ဝေဖန်မှုတွေ ခံနေရတယ်လို့ ပြောပါတယ်။ မန်ယူအသင်းဟာ တနင်္လာနေ့ည ချဲလ်ဆီးအသင်းနဲ့ ကစားမယ့် ပွဲစဉ် မတိုင်ခင် ရမှတ် (၃၅) မှတ်နဲ့ အဆင့် (၉) မှာ ရပ်တည်နေပြီး အာဆင်နယ်အသင်းက ယနေ့ည နယူးကာဆယ်အသင်းနဲ့ ကစားမယ့် ပွဲစဉ် မတိုင်ခင် ရမှတ် (၃၁) မှတ်နဲ့ အဆင့် (၁၁) မှာ ရပ်တည်ကြပါတယ်။

Photo Credit: Goal

မန်ယူအသင်းကတော့ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၃) ပွဲဆက် နိုင်ပွဲ မရခဲ့ဘဲ အလားတူ အာဆင်နယ်အသင်းကပါ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၄) ပွဲဆက် နိုင်ပွဲ မရခဲ့တာ ဖြစ်ပါတယ်။ မန်ယူအသင်းဟာ (၂၀၁၃) ခုနှစ်မှာ မန်ယူ နည်းပြအဖြစ်ကနေ နည်းပြ ဖာဂူဆန် အနားယူပြီးတဲ့နောက် ဝေဖန်မှုတွေကို ဆက်တိုက် ခံလာခဲ့ရပြီး နောက်ခံလူ လုရှော့က အာဆင်နယ်အသင်းလည်း ဝေဖန်မှုတွေကို ခံရသင့်တယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Goal

လုရှော့က “လူတွေက ဘာမဆို အဆင်မပြေတဲ့ အချိန်မှာ ဝေဖန်ချင်ကြပါတယ်။ အာဆင်နယ်ကို မလေးစားလို့တော့ မဟုတ်ပါဘူး။ သူတို့က အလွန် ကောင်းတဲ့ အသင်းပါ။ ဒါပေမဲ့ သူတို့တွေဟာ အကောင်းဆုံး ရာသီကုန် မပိုင်ဆိုင်ကြပါဘူး။ ကျွန်တော် ရယ်စရာ တစ်ခုကို သွားတွေ့မိပါတယ်။ မန်ယူအသင်းကို လူတိုင်း ဝေဖန်ကြပါတယ်။ ဒါပေမဲ့ အာဆင်နယ်က ဝေဖန်မှုကို မခံစားရပါဘူး။ ဒါပါပဲ။ ကျွန်တော်တို့က ကျွန်တော်တို့ မကောင်းဘူး ဆိုတာကို သိပါတယ်”လို့ ပြောသွားပါတယ်။