MySport Myanmar

အသင်းရဲ့ တိုက်စစ်ပိုင်း အဆုံးသတ် ညံဖျင်းလွန်းမှုကို လုခ်ရှော ပြစ်တင်

မနေ့ညက Amex ကွင်းမှာ ဘရိုက်တန်အသင်း နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲကျန် ပွဲစဉ်မှာ ပွဲပြီးဆုံးခါနီး လုခ်ရှော ပင်နယ်တီ ဧရိယာထဲ handball ဖြစ်ခဲ့လို့ ပင်နယ်တီ ကန်ခွင့် ပေးခဲ့ရာကနေ ဘရိုက်တန်တို့ နိုင်ပွဲရသွားခဲ့ခြင်းအပေါ် လုခ်ရှောက အသင်းရဲ့ တိုက်စစ်ပိုင်းက အဆုံးသတ် ညံဖျင်းမှုတွေအပေါ် အပြစ်တင်သွားခဲ့ပါတယ်။

Photo Credit : Daily Mail

ဗဟို ခံစစ်ကစားသမားတွေ ဒဏ်ရာ ပြသာနာတွေနဲ့ ကြုံတွေ့နေရချိန်မှာ ဘယ်ခြမ်း ခံစစ်နေရာကနေ ဗဟို ခံစစ်နေရာမှာ လိုက်ပါ ကစားပေးနေတဲ့ လုခ်ရှောဟာ ဘရိုက်တန်နဲ့ ပွဲမှာလည်း ခံစစ်ပိုင်း စွမ်းဆောင်မှုကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် ပွဲပြီးဆုံးဖို့ မိနစ်ပိုင်းအလိုမှာပဲ သူ့ကြောင့် ပင်နယ်တီ ကန်သွင်းခွင့် ပေးလိုက်ရတဲ့အတွက် အဲ့ဒီ ပင်နယ်တီဂိုးနဲ့ပဲ ယူနိုက်တက်တို့ အရေးနိမ့်သွားခဲ့ရပါတယ်။ တကယ်တော့ ဒီပွဲမှာ ယူနိုက်တက်က ဂိုးရနိုင်လောက်တဲ့ အခွင့်အရေးတွေ ပိုင်ဆိုင်ခဲ့ရပေမယ့် ဒါတွေကို အသုံးမချနိုင်ခဲ့လို့ အခုလို ရလဒ်မျိုးနဲ့ ကြုံတွေ့ခဲ့ရတာ ဖြစ်တယ်လို့ လုခ်ရှောက ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Yahoo! News

“ပြသာနာက ကျွန်တော်တို့ ဂိုးမသွင်းတာပါပဲ။ ကျွန်တော်တို့ ပထမပိုင်း ပွဲကစားချိန်အတွင်းမှာပဲ big chances တွေ (၃) (၄)ကြိမ်လောက်ကို ရရှိခဲ့တယ်။ ဒါတွေကို သွင်းဂိုးအဖြစ် ပြောင်းလဲနိုင်သင့်ခဲ့ရမှာပါ။ ဒီလိုမျိုးတွေက ဒီရာသီထဲမှာပဲ အကြိမ်ပေါင်းများစွာ ဖြစ်ပေါ်ခဲ့ရပါတယ်။ ကျွန်တော်ရဲ့ အမှားကြောင့် ပွဲပြီးခါနီးမှာ အသင်း ရလဒ်ဆိုးသွားခဲ့ရတာ ဆိုပေမယ့်လည်း ကျွန်တော်တို့ ရရှိလာတဲ့ အခွင့်အရေးတွေကနေလည်း ဂိုးတွေကို ဖြစ်ဖြစ်မြောက်မြောက် သွင်းယူနိုင်သင့်ပါတယ်။ အဲ့ဒီလိုသာ ရလာတဲ့ အခွင့်အရေးတွေကနေ ဂိုးတွေ သွင်းယူထားနိုင်မယ်ဆိုရင်တော့ ပွဲရလဒ်က လုံးဝကို အပြောင်းအလဲ ဖြစ်သွားနိုင်ပါတယ်။” လို့ လုခ်ရှောက ညည်းတွားသွားခဲ့ပါတယ်။

Photo Credit : Daily Mail

ဒီပွဲကို အရှုံးနိမ့်လိုက်ရတဲ့ ယူနိုက်တက်အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် လာမယ့် ပွဲစဉ်တွေထဲ ထပ်မံ ခြေချော်လို့ မဖြစ်တော့ပဲ ဝက်စ်ဟမ်း ဘုန်းမောက်တို့ရဲ့ အိမ်ကွင်းတွေမှာ သွားရောက် ရင်ဆိုင်ရမယ့် ပွဲစဉ်တွေမှာပါ ရလဒ်ကောင်းတွေ ဖော်ဆောင်နိုင်ဖို့ မဖြစ်မနေ လိုအပ်လာခဲ့ပါတယ်။

Exit mobile version