အီတလီစီးရီးအေပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ အင်တာမီလန်အသင်းက သူတို့ရဲ့ တောင်ပံတိုက်စစ် ကစားသမားဖြစ်သူ အလက်ဆစ်ဆန်းချက်ဇ်ကို အသင်းကနေ ရှင်းထုတ်သွားဖို့အတွက် အစီအစဉ် ရှိလို့နေရာ ပရီးမီးယားလိဂ် ကလပ်အသင်း တစ်သင်းဖြစ်တဲ့ အဲဗာတန်အသင်းဆီ ဆက်သွယ်လို့ထားပြီး ဆန်းချက်ဇ်ကို အလွတ်ပြောင်းရွှေ့ကြေးလောက်နဲ့ပါ လက်လွတ်သွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။
Photo Credit : Forbes
အသက်(၃၃)နှစ်အရွှယ်ရှိ ချီလီတိုက်စစ်ကစားသမား ဆန်းချက်ဇ်ဟာ အာဆင်နယ် မန်ချက်စတာယူနိုက်တက်အသင်းတွေနဲ့ ပရီးမီးယားလိဂ်မှာ ကျင်လည်ခဲ့ဖူးတဲ့ အတွေ့အကြုံရှိ ကစားသမားတစ်ဦးဖြစ်ပြီး ဒိုမီနစ်ကဲလ်ဗတ်လူဝင် ရစ်ချာလီဆန်တို့ထဲက တစ်ဦးဦးကို ဆုံးရှုံးရဖွယ် ရှိလို့နေတဲ့ အဲဗာတန်အသင်းအနေနဲ့ အသင်းရဲ့တိုက်စစ်အတွက် ဆန်းချက်ဇ်နဲ့ ပြန်လည်ဖြည့်တင်းနိုင်မှာ ဖြစ်ပါတယ်။ အင်တာမီလန်အသင်းနဲ့ စီးရီးအေချန်ပီယံဆုုပါ ရယူထားနိုင်ဖူးတဲ့ ဆန်းချက်ဇ်ဟာ ဒီနှစ်ဘောလုံးရာသီအတွင်း အသင်းအတွက် စီးရီးအေ (၁၂)ပွဲထိကို ကစားထားရပေမယ့်လည်း (၃)ပွဲကိုသာ ပွဲထွက်ကစားသမားအဖြစ် ကစားခွင့်ရခဲ့ပြီး ကျန်ပွဲစဉ်တွေကိုတော့ လူစားဝင်အဖြစ်နဲ့သာ ကစားခဲ့ရပါတယ်။
Photo Credit : Daily Mail
အင်တာမီလန်အသင်းအနေနဲ့ တစ်ပတ်ကို ပေါင်(၁)သိန်းကျော်လောက် ပေးချေနေရတဲ့ ဆန်းချက်ဇ်ကို အသင်းမှာ ဆက်လက်မထားရှိချင်တော့တာကြောင့် အဲဗာတန်အသင်းဆီ ဆက်သွယ်ပြီး ဆန်းချက်ဇ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ပဲ ခေါ်ယူမလားဆိုကာ ကမ်းလှမ်းထားတယ်လို့ ဗြိတိန်အခြေစိုက် သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။ အင်တာအသင်းဟာလည်း ချီလီကစားသမားကြီး ဆန်းချက်ဇ်ကို မန်ချက်စတာယူနိုက်တက်အသင်းကနေ အငှားခေါ်ယူမှုကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ပဲ အပြီးသတ် ခေါ်ယူခဲ့တာဖြစ်ပြီး ၂၀၂၃ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပေမယ့်လည်း လက်ရှိ အင်တာနည်းပြ ဆီမြွန်အင်ဇာဂီကိုယ်တိုင် ဆန်းချက်ဇ်ကို သိပ်သဘောကျခြင်း မရှိတာကြောင့် အခုလို စာချုပ်သက်တမ်း မကုန်ဆုံးခင်မှာပဲ အသင်းကနေ ရှင်းထုတ်သွားချင်နေတာ ဖြစ်ပါတယ်။ အဲဗာတန်အသင်းကလည်း ဆောင်းစျေးကွက်ထဲမှာ ကစားသမားခေါ်ယူမှု (၂)ကြိမ် ပြုလုပ်ထားပေမယ့် FFP စည်းမျဉ်းအရ ငွေကြေးအရှံးပေါ်နေလို့ အသင်းရဲ့ ကစားသမားတွေကို ပြန်လည်ရောင်းချဖို့ လိုအပ်နေသလို ကစားသမား ခေါ်ယူမှုကိုလည်း ပြောင်းရွှေ့ကြေး မပါဝင်တဲ့ ခေါ်ယူမှုကိုသာ လုပ်ဆောင်နိုင်မှာဖြစ်လို့ ဆန်းချက်ဇ်က အဲဗာတန်အတွက် သင့်တော်တဲ့ ခေါ်ယူမှုတစ်ခု ဖြစ်လာနိုင်ပါတယ်။