အမေရိကန် မေဂျာလိဂ်ကလပ် ချီကာဂို ဖိုင်းယားရဲ့ အဓိက ကစားသမား တဦး ဖြစ်သူ ရှာကွီရီ ကတော့ သူ့ရဲ့ အသင်းဟောင်း တသင်း ဖြစ်တဲ့ ပရီးမီးယားလိဂ်ကလပ် လီဗာပူးဟာ ယခုနှစ် ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ၊ ကာရာဘောင်းဖလား ၊ အက်ဖ်အေဖလားနဲ့ ချန်ပီယံလိဂ်ဖလားတို့ကို တပြိုင်နက်ထဲ ရယူနိုင်စွမ်း ရှိကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ဆွစ်ဇာလန် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ရှာကွီရီဟာ ယခုနှစ် ဘောလုံးရာသီ အစကမှ လီဗာပူးကနေ လိုင်ယွန်ထံ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး လိုင်ယွန်မှာ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရတာကြောင့်ပဲ ရာသီဝက် ကာလမှာ အသင်းကနေ ထွက်ခွာကာ မေဂျာလိဂ်ကလပ် ချီကာဂို ဖိုင်းယားဆီ ပြောင်းရွှေ့ခဲ့သူပါ။

Photo Credit: The Guardian

တဖက်မှာတော့ ရှာကွီရီရဲ့ အသင်းဟောင်း လီဗာပူးဟာ ချယ်လ်ဆီးကို အနိုင်ရပြီး ကာရာဘောင်းဖလားကို အရယူထားသလို ပရီးမီးယားလိဂ်ဖလား ၊ အက်ဖ်အေဖလားတို့မှာလည်း ဆုဖလား ရနိုင်တဲ့ အနေအထားကို ပိုင်ဆိုင်ထားကာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဗိုလ်စွဲနိုင်ဖို့ ရေပန်းစားနေတဲ့ အသင်းတွေထဲမှာလည်း ပါဝင်နေပါတယ်။

ရှာကွီရီကတော့ သူ့ရဲ့ အသင်းဟောင်း လီဗာပူးဟာ ယခုနှစ် ဘောလုံးရာသီမှာ ကာရာဘောင်း ၊ ပရီးမီးယားလိဂ်ဖလား ၊ အက်ဖ်အေဖလားနဲ့ ချန်ပီယံလိဂ်ဖလားတို့ကို တပြိုင်နက်ထဲ ရယူနိုင်စွမ်း ရှိကြောင်းနဲ့ သူ့ရဲ့ အသင်းဖော်ဟောင်းတွေက ဆုဖလား အောင်မြင်မှုတွေကို ဆာလောင်နေကြသူတွေ ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: The Guardian

ရှာကွီရီက – “လီဗာပူးက ဆုဖလား အားလုံးကို ရယူချင်ရင် အရာရာကို ပြီးပြည့်စုံတဲ့ အနေအထား အထိ ရအောင် လုပ်ရပါလိမ့်မယ်။ ဒါပေမယ့် တကယ်လို့ ဖလား ၄လုံးစလုံးကို တပြိုင်နက်ထဲ ရယူနိုင်တဲ့ အသင်း ရှိရင် အဲ့ဒီအသင်းက လီဗာပူးပါပဲ။ ကျွန်တော်ကတော့ လီဗာပူးအနေနဲ့ ပြိုင်ပွဲ တခုချင်းစီ အလိုက် အာရုံစိုက် ယှဉ်ပြိုင် ကစားဖို့ လုပ်ဆောင်ရမယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့က ပြိုင်ပွဲ ၄ခုစလုံးမှာ ရှိနေသေးလို့ပါ။ လူတိုင်းက ကျန်းမာနေဖို့ လိုအပ်တယ်။ ဒဏ်ရာပြဿနာတွေက အချိန်မရွေး ကြုံတွေ့ရနိုင်တယ် ဆိုတာ ခင်ဗျားတို့လည်း သိကြတာပဲလေ။ ဒါပေမယ့် လီဗာပူးက အသင်းကောင်း တသင်း ဖြစ်ပြီး အခုချိန်ထိလည်း သူတို့က အကောင်းဆုံး စွမ်းဆောင်ပြထားနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်ကတော့ ရာသီကုန်ကို မြန်မြန် ရောက်ချင်နေပါပြီ။ ဒါမှပဲ သူတို့တွေ ဘယ်လောက်အထိ အောင်မြင်နေလဲ ဆိုတာကို မြင်ရမှာပါ” လို့ ဖွင့်ဟ ပြောပြသွားခဲ့တာပါ။