ယူကရိန်း ထိပ်သီးကလပ် ရှက်တာဒိုးနက်က ပရီးမီးယားလိဂ် နာမည်ကြီးကလပ်တွေ ဖြစ်တဲ့ အာဆင်နယ်နဲ့ ချယ်လ်ဆီးတို့ရဲ့ ပစ်မှတ် ကစားသမား ဖြစ်တဲ့ သူတို့ရဲ့ လူငယ်ကြယ်ပွင့် မူဒရစ်ခ်ကို ဈေးဆစ်လွန်းတဲ့ အာဆင်နယ်ထက် ငွေကြေး ပိုမို တတ်နိုင်တဲ့ ချယ်လ်ဆီးဆီသာ ရောင်းချချင်နေကြောင်း နာမည်ကြီး သတင်းထောက် တချို့က အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အာဆင်နယ်နဲ့ ချယ်လ်ဆီးတို့က သူတို့အသင်းတွေရဲ့ တောင်ပံတိုက်စစ်ကို အင်အားဖြည့်တင်းဖို့ ရှက်တာဒိုးနက်နဲ့ အတူ တောက်ပနေတဲ့ ယူကရိန်း လူငယ်ကြယ်ပွင့် မူဒရစ်ခ်ကို အသီးသီး စိတ်ဝင်စားနေကြတာ ဖြစ်ပြီး မူဒရစ်ခ်ကလည်း သူ့ရဲ့ ကစားသမား ဘဝအတွက် ရှက်တာဒိုးနက်ကို စွန့်ခွာဖို့ ဆုံးဖြတ်ထားပါတယ်။

Photo Credit: Goal

အသက် ၂၁နှစ် အရွယ် ယူကရိန်း လူငယ်ကြယ်ပွင့် မူဒရစ်ခ်က ရှက်တာဒိုးနက်ရဲ့ လူငယ်အကယ်ဒမီ ကနေ ထွက်ပေါ်လာသူ ဖြစ်ပြီး သူဟာ ယခုနှစ် ဘောလုံးရာသီမှာ ရှက်တာဒိုးနက် အတွက် ပြိုင်ပွဲစုံမှာ ၁၈ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၈ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၁၀ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ရှက်တာဒိုးနက်က သူ့အတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၀၀သန်း ဝန်းကျင် အထိ အလိုရှိနေပါတယ်။

လက်ရှိမှာတော့ မူဒရစ်ခ်က သူ့ရဲ့ နိုင်ငံအသင်းဖော် ဇင်ချန်ကို ရှိနေတဲ့ အာဆင်နယ်ဆီသာ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပြီး အာဆင်နယ်ကလည်း မူဒရစ်ခ် အတွက် ရှက်တာဒိုးနက်နဲ့ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်နေပေမယ့် သူတို့ရဲ့ ကမ်းလှမ်းမှု ၂ကြိမ်စလုံးကို ရှက်တာဒိုးနက်ဘက်က လက်မခံခဲ့ပါဘူး။

Photo Credit: Goal

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဂျာကော့ဘ် စတိန်းဘက့်ချ်ရဲ့ ဖော်ပြချက်အရ ရှက်တာဒိုးနက်ရဲ့ တာဝန်ရှိသူတွေက မူဒရစ်ခ် အတွက် သူတို့ တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေးရဲ့ တဝက်ကျော်ကိုသာ ပေးချေချင်နေတဲ့ အာဆင်နယ်နဲ့ ဆွေးနွေးမှုတွေ ဆက်မလုပ်ချင်တော့တာကြောင့် ချယ်လ်ဆီးနဲ့ မူဒရစ်ခ်ရဲ့ အပြောင်းအရွှေ့ အတွက် တရားဝင် ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြောင်း သိရပါတယ်။

နောက်ထပ် နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ တွမ် ရွန်ဒီကလည်း ရှက်တာဒိုးနက်ဟာ မူဒရစ်ခ်အတွက် ချယ်လ်ဆီးနဲ့ တရားဝင် ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြောင်းကို ထပ်မံ အတည်ပြုပေးခဲ့သလို ရှက်တာဒိုးနက်ရဲ့ ဒါရိုက်တာ ဖြစ်သူ ဒါရီဂျို ဆာနာက လန်ဒန်မြို့ဆီ လာရောက်ကာ ချယ်လ်ဆီးပိုင်ရှင် တော့ပ် ဘိုလေနဲ့ မူဒရစ်ခ်အတွက် ဆွေးနွေးဖို့ စီစဉ်ထားကြောင်း ဆိုလာပါတယ်။