ကိုရိုနာဗိုင်းရပ်စ်ကြောင့် (၂)လကျော်လောက်ကြာမြင့်အောင် ရပ်နားထားခဲ့ရတဲ့ စပိန်လာလီဂါပြိုင်ပွဲကိုတော့ လာမယ့်ဇွန်(၁၂)ရက်နေ့မှာပဲ ပြန်လည်စတင်သွားတော့မှာဖြစ်ပါတယ်။ ပြန်လည်စတင်မယ့် နေ့ရက်မှာတော့ ပထမဆုံးကစားမယ့် ပွဲစဉ်ကတော့ ပြိုင်ဆိုင်မှုတွေ ပြင်းထန်တတ်လေ့ရှိတဲ့ ဆီဗီးလ်ဒါဘီပွဲစဉ်ဖြစ်ပါတယ်။ ဆီဗီးလ်မြို့ခံ အသင်းနှစ်သင်းဖြစ်တဲ့ ဆီဗီလာနဲ့ ရီးရဲလ်ဘက်တစ်တို့ရဲ့ ဆီဗီးလ်ဒါဘီပွဲစဉ်ကို သောကြာနေ့ည (စနေနေ့မနက်အစောပိုင်း) ၂နာရီခွဲအချိန်မှာ ယှဉ်ပြိုင်ကစားစေမှာဖြစ်ပြီး ဒီပွဲဲအကြောင်းလေးကို အကြိုရင်ခုန်ကြည့်ရအောင်လားခင်ဗျာ။

Photo Credit : La Liga

ဒီအသင်းနှစ်သင်းဟာ ပထမအကျော့ ဘက်တစ်ရဲ့ ဗယ်လာမာရင်ကွင်းမှာ ဆုံတွေ့ခဲ့စဉ်တုန်းက ဧည့်သည်ဆီဗီလာကနေ အိုကမ်ပို့စ် လုခ်ဒီဂျောင်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ (၁)ဂိုး(၂)ဂိုးနဲ့ ကပ်အနိုင်ရခဲ့ပြီးပါတယ်။ ဒီနှစ်သင်းရဲ့ နောက်ဆုံးလာလီဂါ(၈)ပွဲ ထိပ်တိုက်တွေ့ဆုံမှုမှာ သရေပွဲက (၁)ပွဲသာရှိခဲ့ပြီး ဆီဗီလာက(၅)ပွဲနိုင်ခဲ့ကာ ဘက်တစ်ကတော့ (၂)ပွဲ အနိုင်ရထားခဲ့ပါတယ်။ လက်ရှိမှာလည်း ဆီဗီလာက အမှတ်ပေးဇယားရဲ့ အဆင့်(၃)နေရာမှာ ရပ်တည်နေတာဖြစ်ပေမယ့် ဘက်တစ်ကတော့ အဆင့်(၁၂)နေရာမှာ ရှိနေသလို နှစ်သင်းကြား ရမှတ်ကွာဟချက်ကလည်း (၁၄)မှတ်အထိကို ရှိလို့နေပါတယ်။

Photo Credit : La Liga

လက်ရှိ အသင်းနှစ်သင်းကြားမှာ အဆင့်ကွာဟချက် ကြီးမားနေသလို အသင်းနှစ်သင်းရဲ့ သမိုင်းကြောင်းတလျှောက် တွေ့ဆုံမှုတွေမှာလည်း ဆီဗီလာအသင်းက တစ်ပန်းသာနေတယ်ဆိုပေမယ့် ဘယ်လိုအခြေအနေမှာပဲဖြစ်ပါစေ ဒီနှစ်သင်း ထိပ်တိုက်တွေ့ဆုံရပြီဆိုတာနဲ့ကို အရမ်းကို စိတ်ဝင်စားစရာကောင်းတော့မှာဆိုတာ သေချာနေပါတယ်။ နောက်ပြီး နှစ်သင်းလုံးကလည်း ကိုဗစ်ပြသာနာကြောင့် ပွဲမကစားရတာကလည်း လအနည်းငယ်ရှိနေပြီဖြစ်လို့ လက်ရှိခြေစွမ်းပိုင်းကိုလည်း မှန်းရခက်နိုင်ပါတယ်။ ကစားသမားအင်အားပိုင်းနဲ့ အတွေ့အကြုံပိုင်းမှာ ဆီဗီလာက သာတယ်လို့ သတ်မှတ်နိုင်ပေမယ့် ပရိသတ်မပါပဲ ကွင်းပိတ်ကစားရမှာဖြစ်လို့ ဆီဗီလာမှာ အိမ်ရှင်အားသာချက် အပြည့်အဝတော့ ရှိနိုင်မှာမဟုတ်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကမ္ဘာပေါ်မှာ စိတ်ဝင်စားစရာအကောင်းဆုံး လိဂ်ပြိုင်ပွဲတစ်ခု ပြန်လည်စတင်မယ့်နေ့မှာ ဆီဗီးလ်ဒါဘီနဲ့ ဖြတ်သန်းရမယ်ဆိုတာကတော့ ဘောလုံးပရိသတ်တွေအတွက် ရင်ခုန်စိတ်လှုပ်ရှားစရာတစ်ခုလို့ပဲ သတ်မှတ်လိုက်ချင်ပါတယ်ခင်ဗျာ။