ယနေ့မနက်မှာ ဆိုရင်တော့ Covid-19 ကပ်ရောဂါကြောင့် ရပ်နားထားခဲ့ရတဲ့ စပိန် လာလီဂါပွဲစဉ်တွေကို တရားဝင် ပြန်လည် စတင် ကျင်းပခဲ့ပါတယ်။ အဖွင့်ပွဲစဉ်ကတော့ ပရိသတ်တွေ စိတ်ဝင်စားစေမယ့် ဆီဗီးလား အသင်းနဲ့ ဘက်တစ်အသင်းတို့ရဲ့ ဆီဗီးလားဒါဘီနဲ့ စတင်ခဲ့ပြီး ပြန်လည် စတင်ကစားမယ့် လာလီဂါရဲ့ ပထမဦးဆုံးပွဲ ဖြစ်တာရယ် ၊ ကွင်းအတွင်းမှာ ပရိသတ်အတုတွေ ထည့်ထားပြီး တကယ့်ကွင်းအစစ်လို ဖန်တီးထားပါတယ် ဆိုတဲ့ လာလီဂါဥက္ကဌ တေဘက်ရဲ့ စကားကြောင့် ဆီဗီးလားဒါဘီဟာ ဘောလုံးပရိသတ်တွေ စိတ်ဝင်တစား စောင့်ကြည့်ခဲ့ရတဲ့ ပွဲစဉ်ဖြစ်ခဲ့ပြီး အဆိုပါပွဲစဉ်မှာတော့ ဆီဗီးလားအသင်းဟာ ဘက်တစ်အသင်းကို ၂-၀ ဆိုတဲ့ရလဒ်နဲ့ အနိုင် ရရှိခဲ့ပါတယ်။

Photo Credit: BBC

ဆီိဗီးလားအသင်းရဲ့ အိမ်ကွင်းမှာ ကစားခဲ့ရတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်ပေမယ့် ဒါဘီပွဲစဉ်ဖြစ်သလို ပြန်လည်စတင် ကစားတဲ့ လာလီဂါရဲ့ အဖွင့်ပွဲလည်း ဖြစ်တာကြောင့် နှစ်သင်းစလုံးဟာ အနိုင် ရလဒ်ရရှိရေးကို ဦးတည်ကာ ကြိုးစားခဲ့ပြီး ပွဲဟာ တော်တော်လေး မြိုင်ခဲ့ပါတယ်။ ပရိသတ် တွေ လာကြည့်ခွင့် မရပေမယ့် လာလီဂါဥက္ကဌ တေဘက် ပြောထားတဲ့အတိုင်း ရုပ်သံလိုင်းတွေ ကနေ ပွဲစဉ်ကို ကြည့်ရှုတဲ့ ပရိသတ်တွေဟာ ကွင်းလုံးပြည့် အနေအထား ရှိနေတဲ့ ပရိသတ် အတုတွေကို မြင်တွေ့ခဲ့ရပါတယ်။ ဒါဘီပွဲစဉ် ဖြစ်တာကြောင့် ဘက်တစ်အသင်းဟာ အိမ်ရှင် ဆီဗီးလားအသင်းကို အနိုင်ရရှိရေးအတွက် ကြိုးစား ကစားခဲ့ပေမယ့် ဆီဗီးလားအသင်းကတော့ ဒုတိယပိုင်းမှာ သွင်းယူခဲ့တဲ့ သွင်းဂိုးနှစ်ဂိုးနဲ့ ဘက်တစ်အသင်းကို အနိုင်ရခဲ့ပါတယ်။

Photo Credit: BBC

ဆီဗီးလားအသင်းအတွက် သွင်းဂိုးတွေကို တော့ ၅၆မိနစ်မှာ ပင်နယ်တီကနေတဆင်​့ တောင်ပံ ကစားသမား အိုကန်ပို့စ် က အဖွင့်ဂိုး သွင်းယူပေးခဲ့ပြီး ဒုတိယမြောက် ဦးဆောင်ဂိုးကို တော့ ထောင့်ကန်ဘောကနေ ရရှိလာတဲ့ အခွင့် အရေးကို ကွင်းလယ်ခံစစ် ကစားသမား ဖာနန်ဒို က သွင်းယူပေးခဲ့တာပါ။ ဘောလုံးပိုင်ဆိုင်မှုနဲ့ ဂိုးပေါက်ကန်သွင်းမှုတွေကို ကြည့်မယ်ဆိုရင် တော့ နှစ်သင်းစလုံးဟာ များစွာ ကွာခြားခဲ့ခြင်း မရှိပေမယ့် ဆီဗီးလားအသင်းဘက်က ရရှိလာတဲ့ တည်ကန်ဘောတွေကို အသုံးချသွားနိုင်ခဲ့တာကြောင့် ရလဒ်ကောင်းတစ်ခုကို ပိုင်ဆိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ အဆိုပါနိုင်ပွဲကြောင့် ဆီဗီးလားအသင်းဟာ လာလီဂါပြိုင်ပွဲရဲ့ အဆင့် ၃ နေရာမှာ ရမှတ်၅၀နဲ့ ရပ်တည်နေနိုင်ခဲ့ကာ လာမယ့် ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိဖို့ အခြေအနေ ကောင်းမွန်နေပါတယ်။