စပိန် လာလီဂါ နာမည်ကျော် ကလပ်အသင်းဟာ ဆီဗီလာဟာ အခု ဆောင်းဈေးကွက်အတွင်းမှာပဲ ပရီးမီးယားလိဂ် ထိပ်သီးကလပ်တွေဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် နဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ လူငယ် ကစားသမားလေး (၂)ဦးကို အငှားစာချုပ်တွေနဲ့ ခေါ်ယူသွားနိုင်တော့မှာပဲ ဖြစ်ပါတယ်။

ဒီကစားသမားတွေကတော့ မန်ယူနိုက်တက် အကယ်ဒမီထွက် တူနီးရှား ကွင်းလယ်ကစားသမားလေး ဟာနီဘယ်လ် မက်ဘရစ်ချ် နဲ့ ချယ်လ်ဆီးရဲ့ အိုင်ဗရီကို့စ် တိုက်စစ်မှူးလေး ဒေးဗစ် ဒါထရို ဖိုဖားနားတို့ပဲ ဖြစ်ပါတယ်။

ဆီဗီလာဟာ ဒီရာသီမှာ နည်းပြ အပြောင်းအလဲတွေ များစွာ လုပ်ဆောင်ထားရတဲ့အတိုင်း ရလဒ်ပိုင်း မတည်ငြိမ်မှုတွေလည်း ဖြစ်ပေါ်နေရပြီး လာလီဂါ အမှတ်ပေးဇယားမှာလည်း တန်းဆင်းဇုန်နဲ့ တစ်မှတ်ကွာ အခြေအနေထိပါ ရောက်ရှိနေရပါတယ်။

ဒီလိုအချိန်မှာ ဆီဗီလာအနေနဲ့ ကစားသမား ဖြည့်တင်းမှုတွေကို လုပ်ဆောင်သွားဖို့ ရှိနေပြီး လက်ရှိမှာတော့ ပရီးမီးယားလိဂ်က ကစားသမားလေး (၂)ဦးကို အငှားစာချုပ်တွေနဲ့ အသီးသီး ခေါ်ယူ အားဖြည့်သွားနိုင်တော့မှာပဲ ဖြစ်ပါတယ်။

ယူနိုက်တက်ရဲ့ လူငယ် ကွင်းလယ်လူ ဟာနီဘယ်လ်က သူ့ကို စိတ်ဝင်စားနေတဲ့ ကလပ်အသင်းတွေထဲကမှ ဆီဗီလာအသင်းဆီ ပြောင်းရွှေ့ဖို့ ရွေးချယ်ထားတာဖြစ်ပြီး လက်ရှိမှာ အဲဗာတန်က ကြားဖြတ် ခေါ်ယူဖို့ ကြိုးပမ်းနေပေမယ့်လည်း ဟာနီဘယ်လ်ကိုယ်တိုင်က ဆီဗီလာဆီသာ ပြောင်းရွှေ့ဖို့ ရှိနေပါတယ်။

ယူနီယံဘာလင်အသင်းဆီ အငှားနဲ့ သွားရောက် ကစားနေတဲ့ ချယ်လ်ဆီး တိုက်စစ်မှူး ဖိုဖားနားဟာလည်း ယူနီယံဘာလင်ကနေ ချယ်လ်ဆီးဆီ ပြန်လာပြီး ဆီဗီလာအသင်းဆီ အငှားနဲ့ ထပ်မံ ပြောင်းရွှေ့ဖို့ နီးစပ်လျက် ရှိနေပြီလို့ သတင်းတွေမှာ ဖော်ပြနေကြပါတယ်။