စပိန်လာလီဂါ နာမည်ကြီးကလပ် ဆီဗီးလားက သူတို့အသင်းရဲ့ တိုက်စစ်ပိုင်း အားနည်းချက်ကို ဖြေရှင်းဖို့ အတွက် ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးရဲ့ လူငယ်တိုက်စစ်မှူး ဗီလစ်ဇ်ကို အငှားနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းထားကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက အခိုင်အမာ ဖော်ပြလာကြပါတယ်။

ဆီဗီးလားက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ယူရိုပါလိဂ် ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့ ရလဒ်တွေ အတော်လေးကို ဆိုးဝါးနေပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အုပ်စုအောက်ဆုံးနဲ့ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရသလို လာလီဂါပြိုင်ပွဲမှာလည်း တန်းဆင်းဇုန် အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။

Photo Credit: Football London

ဆီဗီးလားက လာလီဂါ ပွဲစဉ်(၂၂) အပြီးမှာ ၃ပွဲနိုင် ၊ ၈ပွဲသရေ ၊ ၁၁ပွဲရှုံး ဆိုတဲ့ မှတ်တမ်းဆိုး တခုကို ပိုင်ဆိုင်ထားပြီး ရမှတ် ၁၇မှတ်သာ စုဆောင်းထားနိုင်တာကြောင့် တန်းဆင်းဇုန်နဲ့ ရမှတ် ၁မှတ်သာ ကွာဟနေကာ အခန့်မသင့်ရင် တန်းဆင်းသွားနိုင်ချေ ရှိနေပါတယ်။

ဒါကြောင့်ပဲ ဆီဗီးလားရဲ့ တာဝန်ရှိသူတွေက ယခု ဆောင်းဈေးကွက် အတွင်းမှာ အသင်းအတွက် အားကိုးရမယ့် ကစားသမားသစ်တွေကို ခေါ်ယူဖို့ ဆုံးဖြတ်ချက် ချခဲ့ပြီး အာဂူမီ (အင်တာမီလန်) ၊ မက်ချ်ဘရီ (မန်ချက်စတာ ယူနိုက်တက်) စတဲ့ ကစားသမားတွေကို အငှားနဲ့ ခေါ်ယူထားသလို အိုင်ဆက် ရိုမဲရိုးကိုလည်း အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားပါတယ်။

Photo Credit: Goal

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဒေးဗစ် အွန်စတိန်းရဲ့ ဖော်ပြချက်အရ ဆီဗီးလားက သူတို့အသင်းရဲ့ တိုက်စစ်ပိုင်းကို ဆက်လက် အားဖြည့်ချင်နေတာကြောင့် စပါးရဲ့ လူငယ်တိုက်စစ်မှူး ဗီလစ်ဇ်ကို အငှားနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းထားပြီး စပါးကတော့ ဗီလစ်ဇ်ကို အငှားချသင့် ၊ မချသင့် စဉ်းစားနေကြောင်း သိရပါတယ်။

အသက် ၂၀အရွယ် အာဂျင်တီးနား လူငယ်တိုက်စစ်မှူး ဗီလစ်ဇ်က ပြီးခဲ့တဲ့ နွေဈေးကွက်မှာမှ အာဂျင်တီးနားကလပ် ရိုဆာရီယို စန်ထရယ် ကနေ စပါးထံ ပြောင်းရွှေ့ကြေး ယူရို ၁၅သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက စပါးအတွက် ပြိုင်ပွဲစုံမှာ ၁၀ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂ဂိုး သွင်းယူပေးထားနိုင်ပါတယ်။