စပိန်လာလီဂါ နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ ဆီဗီးလားအသင်းဟာ အီတလီ စီးရီးအေ ချန်ပီယံ အင်တာမီလန်အသင်းရဲ့ ချီလီ တောင်ပံ ကစားသမား အလက်ဆစ် ဆန်းချက်ကို ခေါ်ယူဖို့ အတွက် စုံစမ်းမှုတွေ စတင် ပြုလုပ်ခဲ့ကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။ အသက် ၃၂နှစ် အရွယ် ဝါရင့် ချီလီလက်ရွေးစင် တောင်ပံ ကစားသမား ဆန်းချက်ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကမှ မန်ချက်စတာ ယူနိုက်တက်အသင်း ကနေ အင်တာမီလန်အသင်းထံ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့တဲ့ ကစားသမား ဖြစ်ပေမယ့် ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာတော့ အသင်းကနေ ထွက်ခွာရဖို့ နီးစပ်နေတဲ့ ကစားသမားတဦးပဲ ဖြစ်ပါတယ်။

Photo Credit: Daily Mail

ဆန်းချက်ဟာ ယခုနှစ် ဘောလုံးရာသီမှာ အင်တာမီလန်အသင်း အတွက် ပြိုင်ပွဲစုံမှာ ၁၅၅၆မိနစ်သာ ပါဝင် ကစားခွင့် ရခဲ့ပေမယ့် သွင်းဂိုး ၇ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၈ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဆန်းချက်ဟာ အင်တာမီလန်အသင်းနဲ့ ၂၀၂၃ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးသလို ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ သူ့ရဲ့ စွမ်းဆောင်ရည်ဟာ အသင့်အတင့် အနေအထားမှာ ရှိတာကာ အသင်းမှာ ဆက်ထိန်းထားလို့ ရပေမယ့် အင်တာမီလန်အသင်းဟာ ဘဏ္ဏာရေး အခက်အခဲနဲ့ ကြုံတွေ့နေရတာကြောင့် လုပ်ခလစာ မြင့်မားတဲ့ ဆန်းချက်ကို အသင်းကနေ ရောင်းထုတ်ဖို့ စီစဉ်နေတာ ဖြစ်ပြီး လက်ရှိမှာတော့ ဆန်းချက်ကို ခေါ်ယူဖို့ မေဂျာလိဂ်အသင်း အချို့နဲ့ လာလီဂါအသင်း တချို့က စိတ်ဝင်စားနေကြပါတယ်။

Photo Credit: Daily Mail

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ SPORT သတင်းဌာနရဲ့ ဖော်ပြချက်အရ ဆီဗီးလားအသင်းဟာ ဆန်းချက်ကို ခေါ်ယူဖို့ စိတ်အဝင်စားဆုံး အသင်း ဖြစ်နေကာ ဆန်းချက်ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး အင်တာမီလန် အသင်းထံ တရားဝင် စုံစမ်းမှုတွေလည်း ပြုလုပ်ထားကြောင်း သိရပါတယ်။ ဆန်းချက်ဟာ စပိန် လာလီဂါ အင်အားကြီးအသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းမှာ ကစားခဲ့ဖူးတာကြောင့် လာလီဂါ အတွေ့အကြုံ ရှိတဲ့ တောင်ပံ ကစားသမား တဦး ဖြစ်သလို အင်တာမီလန်အသင်းက သူ့အတွက် ပြောင်းရွှေ့ကြေး ယူရို ၅သန်း ဝန်းကျင်သာ တောင်းဆိုဖွယ် ရှိတာကြောင့် ဆီဗီးလားအသင်းဟာ ဆန်းချက်ကို ခေါ်ယူနိုင်ဖို့ အခြေအနေ ကောင်းနေပြီး ဆန်းချက်ကလည်း ဆီဗီးလားအသင်းထံ ပြောင်းရွှေ့ခွင့် ရပါက လုပ်ခလစာ လျှော့ယူဖွယ် ရှိကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါတယ်။