ရီးရဲလ်မက်ဒရစ်အသင်းဟာ နိုဝင်ဘာလအတွင်းမှာ ကစားခဲ့သမျှ ပွဲစဉ်တွေအနက် အင်တာမီလန်အသင်းနဲ့ ကစားခဲ့ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ် (၂)ပွဲကိုပဲ အနိုင်ရယူနိုင်ခဲ့ပြီး ဗလင်စီယာ အလာဗက်စ်အသင်းတွေနဲ့ ကစားခဲ့ရတဲ့ စပိန်လာလီဂါပွဲစဉ်(၂)ပွဲကို အိမ်ကွင်းတွေမှာပဲ အရေးနိမ့်ခဲ့ရသလို ဗီလာရီးရဲလ်အသင်းနဲ့ လာလီဂါပွဲစဉ်ကိုလည်း သရေကျခဲ့ကာ ရှက်တာဒိုးနက်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့် ပွဲစဉ်(၅)ကိုလည်း ရှံးနိမ့်ခဲ့ရပြီး ရလဒ်တွေက ဆိုးရွှားလွန်းခဲ့ရပါတယ်။

Photo Credit : Twitter

ဒီလို အသင်းရဲ့ရလဒ်ဆိုးတွေကြောင့် အသင်းရဲ့နည်းပြဇီဒန်းမှာလည်း အနာဂတ်အခြေအနေတွေ လှုပ်ခတ်လာခဲ့ရသလို သူ့ကို အသင်းဥက္ကဌပီရက်ဇ်ဘက်ကနေ လာမယ့်ပွဲစဉ်(၄)ပွဲကိုပဲ ဆက်လက်စောင့်ကြည့်သွားတော့မယ်ဆိုတဲ့ သတင်းတွေပါ ပေါ်ထွက်လာခဲ့သလို ဇီဒန်းရဲ့နေရာမှာ အစားထိုးသွားဖို့အတွက် အသင်းလက်မဲ့ ဖြစ်လို့နေတဲ့ မာရီစီယိုပိုချက်တီနိုကိုလည်း ပစ်မှတ်ထားနေတယ်ဆိုကာ သတင်းတွေ ထွက်ပေါ်လို့နေရပါတယ်။ ဇီဒန်းကတော့ အသင်းက ရလဒ်တွေ ဆိုးရွှားနေပေမယ့်လည်း သူကတော့ အသင်းကနေ နုတ်ထွက်သွားမှာ မဟုတ်ဘူးလို့ ပြောဆိုလို့ထားပြီး သူ့အတွက် အခက်ခဲဆုံး အချိန်တွေကို အကောင်းဆုံးပုံစံနဲ့ ဖြတ်သန်းသွားဖို့ အဆင့်သင့်ဖြစ်လို့နေပါတယ်။

Photo Credit : Bong Da

ဇီဒန်းအနေနဲ့ ပထမဆုံး ကျော်ဖြတ်သွားရမှာကတော့ ဆီဗီလာအသင်းပဲဖြစ်ပါတယ်။ ဆီဗီလာကလည်း ဒီရာသီမှာ ခြေစွမ်းပိုင်းက သိပ်အားရစရာ အနေအထားမှာ ရှိမနေဘူးဆိုပေမယ့် လာလီဂါမှာတော့ (၃)ပွဲဆက်တိုက် နိုင်ပွဲရယူထားခဲ့သလို သူတို့အိမ်ကွင်းမှာ ရီးရဲလ်ကို ဧည့်ခံကစားတိုင်းမှာလည်း ကောင်းကောင်းဒုက္ခပေးနိုင်တဲ့ အသင်းဖြစ်ပါတယ်။ ရီးရဲလ်အနေနဲ့ ဆီဗီလာကို အဝေးကွင်းမှာ ရင်ဆိုင်ကစားခဲ့ရတဲ့ ပြိုင်ပွဲစုံနောက်ဆုံး(၅)ပွဲအတွင်းမှာ (၁)ပွဲသာ အနိုင်ရခဲ့ပြီး ဆီဗီလာက (၃)ပွဲအထိကို အနိုင်ရထားခဲ့ပါတယ်။ လက်ရှိ ရီးရဲလ်အသင်းမှာကလည်း ဟာဇက် ရာမို့စ် ကာဗာဟယ် ဗယ်ဗာဒီတို့လို အဓိက ကစားသမားတွေက ဒဏ်ရာပြသာနာတွေကြောင့် အနားယူနေရတဲ့အပြင် ဒီပွဲပြီးတာနဲ့ အရမ်းကို အရေးပါလှတဲ့ ပွဲစဉ်အဖြစ် မိုချန်ဂလာဘတ်အသင်းနဲ့ ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲစဉ်ကိုပါ ဆက်လက်ဆင်နွဲရဦးမှာဖြစ်လို့ ဖိအားတွေက တစ်ပုံတစ်ပင်ကြီးကို ဖြစ်နေနိုင်ပါတယ်။ ဆီဗီလာကလည်း ရီးရဲလိုပဲ ချန်ပီယံလိဂ်ပွဲ ကစားရဦးမှာဖြစ်ပေမယ့် နောက်တစ်ဆင့်တတ်ထားပြီးသား ဖြစ်နေတာကြောင့် ရီးရဲလ်ထက် ဖိအားကင်းလို့နေမှာပါ။ ဒီလိုဖိအားကင်းနေတဲ့ ဆီဗီလာကို ဖိအားတွေများလို့နေတဲ့ ရီးရဲလ်နဲ့ ဇီဒန်းတို့ ဘယ်လိုကျော်ဖြတ်နိုင်မလဲဆိုတာက စိတ်ဝင်စားဖို့ကောင်းနေတာ အမှန်ပါပဲ။