ကဲ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲစဉ်တွေ အပြီးမှာ ပရိသတ်တွေကို စောင့်မျှော်နေတာက ယူရိုပါလိဂ် ကွာတားဖိုင်နယ် ပွဲတွေပါပဲ။ ဒီနေ့ညမှာ ကစားမယ့် ယူရိုပါလိဂ်ပွဲတွေ အနက် ဆီဗီးလားနဲ့ မန်ယူ ၊ ရိုးမားနဲ့ ဖီယင်နုတို့လို ပွဲကောင်းတွေ ပါနေတာကြောင့် ကျွန်တော်တို့နဲ့ အတူတူ ရင်ခုန်ပေးကြပါဦး။

Photo Credit: The Sun

ဆီဗီးလားနဲ့ မန်ယူ (ပထမအကျော့ရလဒ် မန်ယူ ၂-၂ ဆီဗီးလား)

ပထမအကျော့မှာ သရေကျထားတာ ဖြစ်လို့ ဒီပွဲကတော့ ဘယ်အသင်းက ဆီမီးဖိုင်နယ်ဆီ တက်နိုင်မလဲ ဆိုတာကို အဆုံးအဖြတ် ပေးမယ့် ပွဲစဉ်ပဲ ဖြစ်ပါတယ်။ ပထမအကျော့မှာ မန်ချက်စတာ ယူနိုက်တက်က ဆီဗီးလားကို ခြေအသာနဲ့ မိနစ် ၈၀လောက် ဖိကစားနိုင်ခဲ့ပေမယ့် ဆီဗီးလားရဲ့ အနိုင်မခံ အရှုံးမပေး စိတ်ဓာတ်ကြောင့် နောက်ကျ ချေပဂိုးတွေ ပြန်ပေးခဲ့ရပြီး ၂-၂ ဆိုတဲ့ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။

အိုးထရက်ဖို့ဒ်မှာ နောက်ကျ ချေပဂိုး ၂ဂိုး သွင်းယူနိုင်ခဲ့တာက ဒီနေ့ပွဲမှာ ဆီဗီးလားရဲ့ စိတ်ဓာတ်ပိုင်းကို မြှင့်တင်ပေးမယ့် အရာတခု ဖြစ်နေပါလိမ့်မယ်။ ဆီဗီးလားက နည်းပြအပြောင်းအလဲ လုပ်ပြီးနောက် ၄ပွဲဆက် ရှုံးပွဲ မရှိခဲ့သလို မန်ချက်စတာ ယူနိုက်တက်နဲ့ ထိပ်တိုက် တွေ့ဆုံမှုတွေမှာလည်း တကြိမ်မှ မရှုံးသေးပါဘူး။

မန်ချက်စတာ ယူနိုက်တက်က အိမ်ကွင်းခြေစွမ်း ကောင်းပေမယ့် အဝေးကွင်းရောက်ရင် ခြေစွမ်းပိုင်း ယိမ်းယိုင်သွားတတ်ပါတယ်။ ဒါပေမယ့် ဒီရာသီမှာ မန်ချက်စတာ ယူနိုက်တက်က ဖလားပြိုင်ပွဲတွေ ရောက်တိုင်း လိုချင်တဲ့ ရလဒ်တွေ ရအောင် ရုန်းကစားတတ်တာကို မေ့ထားလို့ မရပါဘူး။ လတ်တလော ခြေစွမ်းပိုင်းအရ နှစ်သင်းစလုံးမှာ ကွာခြားချက် သိပ်မရှိတာကြောင့် ဒီပွဲက မိနစ် ၉၀အတွင်း အရှုံးအနိုင် မပေါ်တာမျိုး ဖြစ်သွားနိုင်ပြီး အနိုင်ဆိုရင်တော့ ဧည့်သည် မန်ချက်စတာ ယူနိုက်တက်ကိုပဲ ကြိုက်ပါတယ်။

ခန့်မှန်းရလဒ် – ဆီဗီးလား ၁-၂ မန်ယူ

Photo Credit: Team Talk

ရိုးမားနဲ့ ဖီယင်နု (ပထမအကျော့ရလဒ် ရိုးမား ၀-၁ ဖီယင်နု)

ပထမအကျော့မှာ ရှုံးနိမ့်ထားတာ ဖြစ်လို့ ဒီပွဲက မော်ရင်ဟိုတို့ လူစုအတွက် အမှားခံလို့ မရတဲ့ ပွဲစဉ်ပါ။ ဖီယင်နုက ဒီရာသီမှာ ခြေစွမ်းမှန်နေတဲ့ အသင်းပီပီ ပထမအကျော့မှာ ရိုးမားကို အနိုင်ကန်ပြီး ဆီမီးဖိုင်နယ်ဆီ တက်ရောက်နိုင်ဖို့ မျှော်လင့်ချက် ကောင်းနေပါတယ်။

နယ်သာလန်မြေမှာ ကစားခဲ့ရတဲ့ ပွဲစဉ်မှာ ဧည့်သည် ရိုးမားက အနိုင်ရဖို့ထက် မရှုံးနိမ့်ဖို့သာ အဓိက ဦးတည် ကစားသွားခဲ့သလို ဒီပွဲမှာလည်း ဖီယင်နုတို့က သရေရအောင် ကစားဖို့ ကြိုးစားပါလိမ့်မယ်။ ဒါပေမယ့် မော်ရင်ဟို ဦးဆောင်နေတဲ့ ရိုးမားရဲ့ အိမ်ကွင်းရုန်းအားကို လျှော့တွက်လို့ မရပါဘူး။

မော်ရင်ဟိုက သူ ကိုင်တွယ်တဲ့ အသင်းတိုင်းမှာ ဖလားပြိုင်ပွဲတွေဆိုရင် ရလဒ်ကောင်းတွေ ရတတ်တဲ့ နည်းပြတဦး ဖြစ်သလို မန်ချက်စတာ ယူနိုက်တက်နဲ့အတူ ယူရိုပါလိဂ်ဖလားကို ကိုင်မြှောက်ထားနိုင်သူပါ။ ဒါကြောင့် ဥရောပ အတွေ့အကြုံ ရင့်တဲ့ မော်ရင်ဟို တယောက် အိမ်ကွင်း ပရိသတ်အားကို အသုံးချပြီး ဖီယင်နုကို အနိုင်ကစားဖို့ ကြိုးစားပါလိမ့်မယ်။ ဖီယင်နုနည်းပြ ဆလော့က နည်းပြကောင်း တဦး ဆိုပေမယ့် မော်ရင်ဟိုရဲ့ အတွေ့အကြုံနဲ့ နည်းဗျူဟာတွေကို ယှဉ်နိုင်မယ်လို့ မထင်ပါဘူး။ ဒါကြောင့် ဒီပွဲမှာ အိမ်ရှင် ရိုးမားကိုပဲ အကြိုက် တွေ့မိပါတယ်။

ခန့်မှန်းရလဒ် – ရိုးမား ၂-၀ ဖီယင်နု

အခြားပွဲများ အတွက် ခန့်မှန်းရလဒ်များ

စပို့တင်း ၁-၂ ဂျူဗင်တပ်

အူနီယန် ၂-၁ လေဗာကူဆင်