ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ဆီမီးဖိုင်နယ် ပထမနေ့ည ပွဲစဉ်မှာတော့ ယူရိုပါလိဂ်ဘုရင် ဆီဗီလာအသင်းနဲ့ ယူရိုပါလိဂ် ချန်ပီယံဟောင်း မန်ချက်စတာယူနိုက်တက်အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ပြီး နောက်ဆုံးတွေ့ဆုံမှုမှာလည်း အသာရထားခဲ့ဖူးတဲ့ ဆီဗီလာကပဲ (၂)ဂိုး(၁)ဂိုးနဲ့ အနိုင်ရယူခဲ့ကာ ဖိုင်နယ်ကို တတ်လှမ်းနိုင်ခဲ့ပါတယ်။ ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းခဲ့တဲ့ ဒီပွဲစဉ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ စိတ်ဝင်စားစရာ အချက်အလက်များကိုလည်း စုစည်းဖော်ပြလိုက်ပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီနှစ်ဘောလုံးရာသီမှာ ပြိုင်ပွဲစုံပင်နယ်တီ(၂၂)ကြိမ်အထိကို ပိုင်ဆိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပင်နယ်တီ(၁၄)ကြိမ်နဲ့ တစ်ရာသီအတွင်း ပင်နယ်တီအများဆုံးရရှိခဲ့သလို ယူရိုပါလိဂ်မှာလည်း ဒီရာသီအတွင်း ပင်နယ်တီ(၅)ကြိမ်နဲ့ ပင်နယ်တီအရေအတွက်အများဆုံး ပိုင်ဆိုင်ထားခဲ့ရပါတယ်။

ယူနိုက်တက်အတွက် အဖွင့်ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်ဟာ ယူနိုက်တက်အသင်းနဲ့ ပွဲဦးထွက်ခဲ့ချိန်ကနေစတင်ပြီး ဆီဗီလာနဲ့ပွဲအထိ အသင်းအတွက် ဂိုး(၂၀)ထိကို ပါဝင်ခဲ့တာကြောင့် သူ့ထက် သွင်းဂိုးပါဝင်ပတ်သက်မှုများတဲ့ ကစားသမားတွေဆိုလို့ လီဝန်ဒေါစကီးနဲ့ မက်ဆီတို့နှစ်ယောက်သာ ရှိနေခဲ့ပါတယ်။

ဒီနေ့ပွဲစဉ်မှာ ဆီဗီလာအတွက် သွင်းဂိုးတွေ ရယူပေးခဲ့ကြတဲ့ တောင်ပံကစားသမားဆူဆိုနဲ့ အဖိုးတန်အနိုင်ဂိုးကို သွင်းယူခဲ့တဲ့ လုခ်ဒီဂျောင်တို့ဟာ ဆီဗီလာအသင်းအတွက် ဒီရာသီ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ပထမဆုံးအကြိမ်အဖြစ် ဂိုးသွင်းယူနိုင်ခဲ့ခြင်းဖြစ်ပါတယ်။

ယူနိုက်တက်နည်းပြဆိုးလ်ရှားဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းကို အက်အေဖလား ဆီမီးဖိုင်နယ် လိဂ်ဖလား ဆီမီးဖိုင်နယ်နဲ့ ယူရိုပါလိဂ်ဖလား ဆီမီးဖိုင်နယ်တွေကို ပို့ဆောင်ပေးနိုင်ခဲ့ပေမယ့် ဆီမီးဖိုင်နယ်(၃)ခုလုံးမှာ အရေးနိမ့်ခဲ့ရလို့ ယူနိုက်တက်လည်း ဖလားလက်မဲ့ရာသီ (၃)ခုထိကို ဆက်တိုက်ဖြတ်သန်းခဲ့ရပြီဖြစ်ပါတယ်။

ယူနိုက်တက်ကို အနိုင်ရယူနိုင်ခဲ့တဲ့ ဆီဗီလာအသင်းကတော့ ယူရိုပါလိဂ်ဖိုင်နယ်ကို (၆)ကြိမ်မြောက်အဖြစ် တတ်ရောက်နိုင်ခဲ့တာဖြစ်ပြီး ယခင်(၅)ကြိမ် တတ်ရောက်ထားခဲ့ခြင်းမှာတော့ (၅)ကြိမ်လုံးကို ဗိုလ်စွဲထားနိုင်ခဲ့ပါတယ်။