စပိန်လာလီဂါကတော့ ပွဲစဉ်(၃၀)အတွင်းကို စတင်ဝင်ရောက်လာခဲ့ပါပြီ။ ဒီတစ်ပတ်မှာလည်း အသင်းကြီးချင်း ထိပ်တိုက်တွေ့ဆုံနေတဲ့ ပွဲကောင်းတွေ ပါဝင်နေသေးလို့ ပွဲကြည့်ပရိသတ်တွေရဲ့စိတ်အာရုံကို သေချာပေါက်ဖမ်းစားနိုင်ဦးမှာပါ။ ဒီပွဲတွေထဲကမှ လုံးဝလက်မလွတ်တမ်း စောင့်ကြည့်သင့်တဲ့ ပွဲတစ်ပွဲဖြစ်တဲ့ ဆီဗီလာအသင်းနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ ပွဲအကြောင်းကို အသေးစိတ်လေး သုံးသပ်တင်ဆက်ပေးသွားချင်ပါတယ်ခင်ဗျာ။

Photo Credit : Getty Image

ဆီဗီလာကတော့ ဆီဗီးလ်ဒါဘီမှာ ဘက်တစ်ကို အနိုင်ကစားခဲ့ပေမယ့် နောက်ပွဲမှာတော့ လီဗန်တေးကို သရေကျခဲ့ရပါတယ်။ လက်ရှိမှာ အမှတ်ပေးဇယားရဲ့ အဆင့်(၃)နေရာကို ရောက်ရှိနေတယ်ဆိုပေမယ့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက်ကတော့ အောက်ကအသင်းတွေနဲ့ အမှတ်ကပ်နေသေးတာဖြစ်လို့ နည်းနည်းလောက် မှားလိုက်တာနဲ့ အဆင့်(၄)အပြင်ကို ပြန်ရောက်သွားနိုင်ပါတယ်။ နောက်ပြီး ဆီဗီလာအသင်းရဲ့ အိမ်ကွင်းကစားအားကလည်း အရမ်းကောင်းတဲ့အထဲမှာ ရှိမနေပဲ သာမန်လောက်ပဲ ရှိလို့နေပါတယ်။

Photo Credit : Getty Image

ဘာစီလိုနာကတော့ (၂)ပွဲဆက်တိုက် ပေးဂိုးမဲနဲ့ ဂိုးပြတ်အနိုင်ရထားခဲ့ပြီး စည်းချက်မှန်လို့နေပါတယ်။ ဒါပေမယ့် ဘာစီအနိုင်ရခဲ့တဲ့ အသင်းတွေက မာယော့ကာနဲ့ လီဟာနက်စ်တို့လို အသင်းငယ်တွေဖြစ်နေတာကြောင့် ဆီဗီလာဟာ ဘာစီလိုနာအတွက် တကယ့်ကို စိန်ခေါ်မှုတစ်ခု ဖြစ်လာမှာပါ။ ဒီပွဲကိုသာ အနိုင်ရလိုက်မယ်ဆိုရင် ဘာစိလိုနာတို့ရဲ့ ယုံကြည်မှုတွေက ပိုမြင့်တတ်လာမှာပါ။ ဒါပေမယ့် ခံစစ်မှာ အမ်တီတီပွဲပယ်ခံထားရသလို ပီကေးကလည်း ဒဏ်ရာအခြေအနေနဲ့ ရင်ဆိုင်နေရတာကြောင့် ဗဟိုခံစစ်မှာ လွန်းဂ်လတ်နဲ့ ဘူးစကတ်စ် ပွဲထွက်လာနိုင်တာက အားနည်းချက်ဖြစ်သွားနိုင်ပါတယ်။

Photo Credit : Managing Madrid

ဘာစီလိုနာအနေနဲ့ လာလီဂါချန်ပီယံဆုကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့က လက်ကျန်ပွဲတိုင်းကို အမှားခံလို့မရပဲ ရီးရဲလ်ကလည်း အနောက်ကနေ ထပ်ချပ်မခွာ လိုက်နေတာကြောင့် ဒီပွဲမှာ ရလဒ်ကောင်းတစ်ခုကို မဖြစ်မနေ အရယူဖို့ လိုအပ်ပါတယ်။ ဒီပွဲကို အနိုင်ရလိုက်မယ်ဆိုရင် လက်ကျန်ပွဲတွေမှာ ဘာစီလိုနာအတွက် ပွဲကျပ်ဆိုလို့ အသက်လက်တီကိုမက်ဒရစ်နဲ့တွေ့ဆုံရမယ့် ပွဲစဉ်လောက်ပဲ ရှိနေတော့မှာပါ။ ဆီဗီလာကလည်း အနိမ့်ဆုံးတော့ ဘာစီလိုနာဆီကနေ တစ်မှတ်လောက် ခွဲယူနိုင်တာကြောင့် ပွဲကအကြိတ်အနယ်ရှိနိုင်ပြီး ဘာစီလိုနာပဲ ကပ်နိုင်ဖွယ်ရှိပါတယ်။