ဆောင်းရာသီ အပြောင်းအရွှေ့ စျေးကွက်အတွင်းမှာ ကစားသမားသစ် (၂)ဦးထိကို ခေါ်ယူအားဖြည့်ထားခဲ့တဲ့ နယူးကာဆယ်ယူနိုက်တက်အသင်းဟာ ဆီဗီလာနောက်ခံကစားသမား ဒီယေဂိုကားလို့စ်ကိုပါ ခေါ်ယူသွားဖို့ စိတ်အားထက်သန်နေတာကြောင့် ကမ်းလှမ်းမှုတွေကို ထပ်တိုးလုပ်ဆောင်ခဲ့ပေမယ့်လည်း ဆီဗီလာအသင်းဘက်ကတော့ ဒီကမ်းလှမ်းချက်တွေကို ထပ်ခါထပ်ခါ ပယ်ချသွားခဲ့တယ်လို့ သိရပါတယ်။

Photo Credit : 90Min

ပိုင်ရှင်အပြောင်းအလဲတွေ ဖြစ်ပေါ်ထားပြီး လက်ရှိဆိုရင် ကမ္ဘာ့အချမ်းသာဆုံး ကလပ်အသင်း တစ်သင်းပါ ဖြစ်လို့နေတဲ့ နယူးကာဆယ်အသင်းဟာ လက်ရှိအချိန်မှာ ညာနောက်ခံကစားသမား ကီရန်ထရစ်ပီယာနဲ့ တိုက်စစ်ကစားသမား ခရစ္စဝုဒ်တို့ကို စုစုပေါင်း ပြောင်းရွှေ့ကြေး ပေါင်(၃၇)သန်းဝန်းကျင်ခန့်နဲ့ ခေါ်ယူထားခဲ့တာ ဖြစ်ပေမယ့်လည်း စျေးကွက်အတွင်းမှာ နောက်ထပ် ကစားသမားသစ်တွေ ထပ်မံခေါ်ယူသွားဖို့် ဆက်လက်ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ နယူးကာဆယ်အသင်းဟာ သူတို့အသင်းရဲ့ အဓိက ပစ်မှတ်ဖြစ်တဲ့ ဘရာဇီးလ် ဗဟိုနောက်ခံကစားသမား ဒီယေဂိုကားလို့စ်ကို ခေါ်ယူချင်နေတဲ့အတွက် ကမ်းလှမ်းမှုတွေ (၂)ကြိမ်တိုင်တိုင် လုပ်ဆောင်ခဲ့ပေမယ့် ကစားသမားရဲ့ ကလပ်အသင်းကတော့ (၂)ကြိမ်လုံးကို ပယ်ချသွားခဲ့ပါတယ်။

Photo Credit : The Times

အသက်(၂၈)နှစ်အရွှယ်ရှိ ဘရာဇီးလ် နောက်ခံကစားသမား ဒီယေဂိုကားလို့စ်ဟာ ၂၀၁၉ခုနှစ်ကတည်းက ပြင်သစ်ကလပ် နန့်စ်အသင်းကနေ ဆီဗီလာအသင်းဆီကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းရဲ့ အဓိကနောက်ခံလူအဖြစ် (၃)ရာသီအတွင်း ပွဲစဉ်ပေါင်း (၁၀၆)ပွဲအထိကို ပါဝင်ကစားထားနိုင်ခဲ့ပါတယ်။ ဆီဗီလာအသင်းနဲ့ ယူရိုပါလိဂ် ချန်ပီယံဆုကိုပါ ရယူထားနိုင်ခဲ့တဲ့ ကားလို့စ်ကို နယူးကာဆယ်အသင်းကနေ ပြောင်းရွှေ့ကြေး ယူရို(၂၅)သန်းနဲ့ ကမ်းလှမ်းထားခဲ့ပေမယ့်လည်း ဆီဗီလာဘက်က ဒီကမ်းလှမ်းမှုကို လက်မခံခဲ့ပဲ ကစားသမားအတွက် စာချုပ်လျော်ကြေး တန်ဖိုးအတိုင်းဖြစ်တဲ့ ယူရိုသန်း(၈၀)နဲ့ ကမ်းလှမ်းစေချင်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် နယူးကာဆယ်ဘက်ကတော့ ကားလို့စ်အတွက် ပြောင်းရွှေ့ကြေးကို ယူရိုသန်း(၄၀) (၄၅)သန်းဝန်းကျင်လောက်နဲ့သာ ကမ်းလှမ်းချင်နေတာဖြစ်လို့ ကားလို့စ်ကို ခေါ်ယူဖို့က အဆင်မပြေနိုင်လို့ နောက်ထပ် နောက်ခံလူတစ်ဦးကိုသာ ကမ်းလှမ်းရနိုင်ဖွယ် ရှိနေပါတယ်။