MySport Myanmar

ခွန်ဒေအတွက် ချယ်လ်ဆီးရဲ့ ယူရို၅၀သန်းတန် ကမ်းလှမ်းမှုကို ပယ်ချလိုက်တဲ့ ဆီဗီးလား

စပိန်လာလီဂါ နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ ဆီဗီးလားက သူတို့အသင်းရဲ့ အဓိက နောက်ခံလူ ခွန်ဒေအတွက် ချယ်လ်ဆီးရဲ့ ပထမဦးဆုံး တရားဝင် ကမ်းလှမ်းမှုကို ငြင်းဆန် ပယ်ချလိုက်ကြောင်း ဥရောပအခြေစိုက် သတင်းဌာန အများစုက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးက ယခုနှစ် နွေဈေးကွက် အတွင်းမှာ ထိပ်တန်း ဗဟိုခံစစ်မှူး ၂ဦးကို ခေါ်ယူဖို့ စီစဉ်ထားတဲ့ အသင်း ဖြစ်ပြီး ဆီဗီးလားရဲ့ အဓိက နောက်ခံလူ ခွန်ဒေဟာ သူတို့အသင်းရဲ့ နံပါတ်တစ် ပစ်မှတ်ပဲ ဖြစ်ပါတယ်။

Photo Credit: Goal

ချယ်လ်ဆီးဟာ ပြီးခဲ့တဲ့ နွေအပြောင်းအရွှေ့မှာထဲက ခွန်ဒေကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပြီး ဆီဗီးလားဘက်က ခွန်ဒေကို ရောင်းချဖို့ ငြင်းဆန်ခဲ့တာကြောင့်သာ ချယ်လ်ဆီးနဲ့ ခွန်ဒေတို့ရဲ့ အပြောင်းအရွှေ့က ရပ်ဆိုင်းသွားခဲ့တာ ဖြစ်ကာ ယခုအချိန်မှာတော့ ချယ်လ်ဆီးက ခွန်ဒေကို ခေါ်ယူနိုင်ဖို့ ဒုတိယအကြိမ် ကြိုးပမ်းလာခဲ့ပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Football London သတင်းဌာနရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးက ပြီးခဲ့တဲ့ ရက်သတ္တပတ် အတွင်းမှာ ခွန်ဒေအတွက် ပထမဦးဆုံး တရားဝင် ကမ်းလှမ်းမှု အဖြစ် ပြောင်းရွှေ့ကြေး ယူရို ၅၀သန်းနဲ့ စတင် ကမ်းလှမ်းခဲ့ပြီး ဆီဗီးလားဘက်ကတော့ ခွန်ဒေအတွက် ပိုမို မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တရပ် လိုချင်တာကြောင့် ချယ်လ်ဆီးရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန် ပယ်ချခဲ့ကြောင်း သိရပါတယ်။

Photo Credit: Goal

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုကလည်း ခွန်ဒေရဲ့ အပြောင်းအရွှေ့ အတွက် ချယ်လ်ဆီးနဲ့ ဆီဗီးလားတို့ ကြားထဲမှာ ဆက်သွယ်မှုတွေ ရှိနေကြောင်း အတည်ပြုပေးထားပြီး ဆီဗီးလားက ခွန်ဒေအတွက် အနိမ့်ဆုံး ယူရို ၆၀သန်းကျော် အလိုရှိနေကြောင်း ဆိုပါတယ်။

ပြင်သစ် လက်ရွေးစင် ဗဟိုနောက်ခံလူ ခွန်ဒေရဲ့ စာချုပ်ဖျက်သိမ်းကြေးက ယူရို ၈၅သန်း ရှိတာကြောင့် ဆီဗီးလားဘက်က ခွန်ဒေ အတွက် တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေး ယူရို ၆၀သန်း ဆိုတဲ့ ပမာဏဟာ သင့်တော်တဲ့ တောင်းဆိုမှု တခု ဖြစ်ပြီး ချယ်လ်ဆီးကလည်း ခွန်ဒေအတွက် ဒုတိယအကြိမ် ကမ်းလှမ်းမှုမှာ ပြောင်းရွှေ့ကြေးကို တိုးမြှင့် ကမ်းလှမ်းလာနိုင်ကြောင်း ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။

Exit mobile version