MySport Myanmar

မာစီယဲလ်ကို အပြီးသတ် မခေါ်ယူဖို့ ဆုံးဖြတ်ချက်ချလိုက်ကြောင်း ဆီဗီလာ ထုတ်ပြန်

ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့စျေးကွက်တုန်းက မန်ချက်စတာယူနိုက်တက်အသင်းကနေ ရာသီကုန်အထိ အငှားစာချုပ်နဲ့ ခေါ်ယူထားခဲ့တဲ့ ပြင်သစ်တိုက်စစ်ကစားသမား အန်တိုနီမာစီယဲလ်ကို အငှားစာချုပ် ပြည့်မြောက်သွားချိန်မှာ အပြီးသတ် ခေါ်ယူသွားဖို့ ဆန္ဒမရှိတာကြောင့် အပြီးသတ် ခေါ်ယူတော့မှာမဟုတ်ပဲ ယူနိုက်တက်အသင်းဆီကိုသာ ပြန်လည်ပို့ဆောင်တော့မှာဖြစ်ကြောင်း ထုတ်ပြန်သွားခဲ့ပါတယ်။

ဒီနှစ်ဘောလုံးရာသီအတွင်း ယူနိုက်တက်အသင်းမှာ ခြေစွမ်းပြနိုင်ဖို့ရော ပုံမှန်နေရာ ရရှိဖို့အတွက်ပါ ရုန်းကန်နေရတဲ့ မာစီယဲလ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာတော့ လာလီဂါကလပ် ဆီဗီလာအသင်းဆီ ကာလတို အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ပြီး ဆီဗီလာဘက်ကလည်း မာစီယဲလ်ရဲ့ တစ်ပတ်လုပ်ခလစာ ပေါင်(၂၄၀၀၀၀)ရဲ့ (၄၀)% ဖြစ်တဲ့ (၉၆၀၀၀)ကို ပေးချေခဲ့ရပါတယ်။ ဒါပေမယ့် မာစီယဲလ်ဟာ စပိန်မြေမှာပါ ဆက်လက်ရုန်းကန်နေခဲ့ရပြီး ဒဏ်ရာပြသာနာတွေနဲ့ လုံးပန်းခဲ့ရသလို အသင်းအတွက်ကိုလည်း သွင်းဂိုး(၁)ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit : The Mirror

မာစီယဲလ်ဟာ ကြွက်သားဒဏ်ရာကြောင့် ဆီဗီလာရဲ့ အစပိုင်း ပွဲအနည်းငယ်လောက်ကို လွဲချော်ခဲ့ရသလို သူရဲ့ စွမ်းဆောင်ရည်တွေ ကျဆင်းလာခဲ့တာကြောင့် နောက်ဆုံး လာလီဂါ (၆)ပွဲမှာ (၅)ပွဲထိကို ပါဝင်ရခြင်း မရှိခဲ့သလို မာယော့ကာနဲ့ တစ်ပွဲတည်းကိုသာ (၂၃)မိနစ်ခန့်ပဲ ပါဝင်ခဲ့ရပါတယ်။ လာလီဂါမှာ သွင်းဂိုးတစ်ဂိုးမှ သွင်းမယူနိုင်ပဲ ဂိုးဖန်တီးမှုတစ်ကြိမ်သာ ပြုလုပ်နိုင်ခဲ့တဲ့ မာစီယဲလ်ကို သူတို့အသင်းဘက်ကနေ အပြီးသတ် ခေါ်ယူတော့မှာမဟုတ်ပဲ မာစီယဲလ်ရဲ့ မူရင်းကလပ် ယူနိုက်တက်အသင်းဆီကိုသာ ပြန်လည်ပို့ဆောင်သွားတော့မယ်လို့ ထုတ်ပြန်လာခဲ့ပါတယ်။ မာစီယဲလ်နဲ့ပတ်သက်ပြီး ဆီဗီလာဥက္ကဌ ဟိုဆေးကတ်စထရိုက “အန်တိုနီမာစီယဲလ်က မန်ယူနိုက်တက်ကို ပြန်သွားမှာပါ။ ကျွန်တေ်ာတို့က သူ့အတွက် အရေးကြီးတဲ့ ငွေတွေကို သုံးပေးခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့ပါဘူး။ ဒါ့အပြင် သူ့မှာ ဒဏ်ရာပြသာနာတွေကလည်း ရှိနေပါတယ်။ ကျွန်တော်တို့တွေ သူ့ကို အပြီးသတ် ဝယ်ယူမှာ မဟုတ်ပါဘူး” လို့ ရှင်းလင်းထုတ်ပြန်လာခဲ့ပါတယ်။ လက်ရှိအချိန်မှာ ယူနိုက်တက်အသင်းဆီ ပြန်လာရတော့မယ့် မာစီယဲလ်ဟာ ယူနိုက်တက်နည်းပြသစ် အဲရစ်တန်ဟက်ဂ်ရဲ့လက်အောက်မှာ ပါဝင်ကစားခွင့် ရနိုင်မရနိုင် မသေချာသေးပဲ အသင်းနဲ့ လမ်းခွဲရဖို့သာ အခြေအနေများနေရပါတယ်။

Exit mobile version