စပိန်လာလီဂါ နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ ဆီဗီးလားက ယခု နွေဈေးကွက် အတွင်းမှာပဲ ရီးရဲလ် ဆိုစီဒက်နဲ့ လမ်းခွဲထားတဲ့ ဘယ်လ်ဂျီယံ တောင်ပံတိုက်စစ် ကစားသမား ယာနူဇက်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၂၇နှစ် အရွယ် ဘယ်လ်ဂျီယံ တောင်ပံတိုက်စစ် ကစားသမား ယာနူဇက်က မန်ချက်စတာ ယူနိုက်တက်ကနေ ဆိုစီဒက်ထံ ပြောင်းရွှေ့လာခဲ့ပြီးနောက် အသင်းရဲ့ အဓိက ကစားသမား တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် အသင်းရဲ့ တာဝန်ရှိသူ တချို့နဲ့ ဆက်ဆံရေး မပြေလည်တာကြောင့် ဆိုစီဒက်နဲ့ စာချုပ်သစ် မချုပ်ဆိုတော့ပဲ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့သူပါ။

Photo Credit: Marca

ယာနူဇက်ဟာ အရည်အသွေး ရှိတဲ့ ကစားသမား တဦး ဖြစ်သလို ဆိုစီဒက်အတွက် ၅နှစ်တာ ကာလအတွင်းမှာ ၁၆၈ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၂၃ဂိုး သွင်းယူပေးနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၂၁ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ယခု နွေဈေးကွက် အတွင်းမှာ အသင်းရဲ့ အဓိက တောင်ပံကစားသမား တဦး ဖြစ်သူ အိုကန်ပို့စ်ကို လက်လွှတ် ဆုံးရှုံးရဖို့ နီးစပ်နေတဲ့ ဆီဗီးလားက ယာနူဇက်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပြီး ယာနူဇက်ကလည်း ဆီဗီးလားထံ ပြောင်းရွှေ့ချင်နေပါတယ်။

 

Photo Credit: Marca

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ဆီဗီးလားက ယာနူဇက်ကို ခေါ်ယူဖို့ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်နေရာ ဆွေးနွေးမှုတွေဟာ အောင်မြင်တာကြောင့် နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီး ဆီဗီးလားဟာ ယာနူဇက်ကို ယနေ့မှာပဲ အပြီးသတ် ခေါ်ယူနိုင်ဖို့ မျှော်လင့်ထားကြောင်း သိရပါတယ်။

တဖက်မှာတော့ ဆီဗီးလားက သူတို့အသင်းရဲ့ တောင်ပံ ကစားသမား တဦး ဖြစ်သူ အိုကန်ပို့စ်ကို နယ်သာလန် ထိပ်သီးကလပ် အေဂျက်ဆီ ပြောင်းရွှေ့ကြေး ယူရို ၂၀သန်းနဲ့ ၃၀သန်းကြား ပမာဏ တရပ်နဲ့ ရောင်းချဖို့ အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။