ဆီဗီလာအသင်းဟာ နယူးကာဆယ်ယူနိုက်တက်အသင်းရဲ့ အဓိကပစ်မှတ်အဖြစ် သတ်မှတ်ခံထားရတဲ့ အသင်းရဲ့ နောက်ခံကစားသမားဖြစ်သူ ဒီယေဂိုကားလို့စ်ကို ဘယ်ကမ်းလှမ်းမှုနဲ့မှ လက်ခံစဉ်းစားသွားတော့မှာ မဟုတ်ပဲ အသင်းမှာသာ ဆက်လက်ထိန်းသိမ်းသွားတော့မယ်လို့ ဆုံးဖြတ်ချက်ချခဲ့တယ်လို့ ဖာဘရီဇီယိုရိုမာနိုက သူရဲ့တွစ်တာကနေ ဖော်ပြသွားခဲ့ပါတယ်။
Photo Credit : Eurosport
ဆောင်းစျေးကွက်အတွင်း ကီရန်ထရစ်ပီယာနဲ့ ခရစ္စဝုဒ်တို့ကို ခေါ်ယူအားဖြည့်ထားခဲ့တဲ့ နယူးကာဆယ်အသင်းဟာ တတိယမြောက် ကစားသမားသစ်အဖြစ် ဘရာဇီးလ် နောက်ခံကစားသမား ဒီယေဂိုကားလို့စ်ကို ခေါ်ယူနိုင်ဖို့အတွက် တရားဝင် ကမ်းလှမ်းချက်(၂)ကြိမ် ပြုလုပ်ခဲ့ပေမယ့် ဒီကမ်းလှမ်းမှုတွေကို ဆီဗီလာဘက်ကနေ ငြင်းဆန်ပယ်ချခံခဲ့ရသလို အသင်း(၂)သင်းကြား ဆွေးနွေးမှု အရှည်ကြီးတွေ လုပ်ဆောင်ခဲ့အပြီးမှာလည်း ဆီဗီလာအသင်းက သူတို့ကစားသမားကို လုံးဝရောင်းမချတော့ပဲ အသင်းမှာသာ ဆက်လက်ထိန်းသိမ်းသွားတော့မယ်လို့ သိရှိရပါတယ်။
Photo Credit : Daily Mail
နယူးကာဆယ်အသင်းဟာ လက်ရှိမှာ တန်းဆင်းဇုန် အန္တရာယ်နဲ့ ရင်ဆိုင်နေရတာကြောင့် တန်းမဆင်းရဖို့အတွက် ကြိုးပမ်းနေရချိန်မှာ အသင်းရဲ့ ကစားသမားအင်အားကို တောင့်တင်းနေဖို့ အရည်အသွေး မြင့်မားတဲ့ ဗဟိုနောက်ခံလူ ဒီယေဂိုကားလို့စ်ကို ခေါ်ယူချင်ခဲ့တာဖြစ်ပြီး ကစားသမားနဲ့ပါ သဘောတူညီမှု ရယူနိုင်ခဲ့ပေမယ့်လည်း အသင်းနှစ်သင်းရဲ့ကြား ပြောင်းရွှေ့ကြေးပိုင်းဆိုင်ရာ ညှိနှုျိင်းမရခဲ့တာကြောင့် နောက်ဆုံးမှာ ဆီဗီလာအသင်းက ကားလို့စ်ကို အသင်းကနေ ရောင်းမချတော့ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ ဒါပေမယ့် နယူးကာဆယ်အသင်းကတော့ ကားလို့စ်ကို ခေါ်ယူနိုင်ဖို့ လက်မလျှော့သေးပဲ ဆက်လက်ကြိုးပမ်းသွားဦးမှာ ဖြစ်သလို အသင်းရဲ့ ခံစစ်ပိုင်းကို အင်အားဖြည့်တင်းဖို့အတွက် လီဗာပူးလ် နောက်ခံကစားသမား နတ်ဖီးလစ်အပြင် ဘန်လေနောက်ခံကစားသမား တာကောစကီးတို့ကိုပါ ပစ်မှတ်ထားလာနိုင်ပါတယ်။ လက်ရှိ ကမ္ဘာပေါ်မှာ ငွေကြေးအတောင့်တင်းဆုံး ကလပ်အသင်းအဖြစ် သတ်မှတ်ခံနေရတဲ့ နယူးကာဆယ်အသင်းဟာ ဆောင်းစျေးကွက်ထဲမှာ ငွေကြေးသုံးစွဲမှု ပေါင်သန်း(၄၀)နီးပါး သုံးစွဲထားခဲ့ပေမယ့် စျေးကွက်မပိတ်သိမ်းခင်မှာပဲ နောက်ထပ် ကစားသမားသစ် ခေါ်ယူမှုတွေကို ထပ်မံလုပ်ဆောင်ဖွယ် ရှိနေပါတယ်။