ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးနဲ့ လာလီဂါ နာမည်ကြီးကလပ် ဆီဗီးလားတို့က နယ်သာလန် ထိပ်သီးကလပ် အေဂျက်ရဲ့ လူငယ်ကြယ်ပွင့် မူဇမ်ဘိုကို ခေါ်ယူရန် အပြိုင် ကြိုးစားနေကြကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အသက် ၁၈နှစ် အရွယ်သာ ရှိသေးတဲ့ ဘယ်လ်ဂျီယံ ယူ-၁၉ လက်ရွေးစင် မူဇမ်ဘိုက ကွင်းလယ်တိုက်စစ် နေရာမှာ အဓိက ကစားလေ့ ရှိတဲ့ လူငယ်ကြယ်ပွင့် ဖြစ်ပြီး သူက အေဂျက် လူငယ်အသင်းရဲ့ အဓိက ကစားသမားပဲ ဖြစ်ပါတယ်။

Photo Credit: Team Talk

မူဇမ်ဘိုက အေဂျက်လူငယ်အသင်း ကနေ အေဂျက်အသင်းကြီးဆီ အခေါ်မခံရသေးပေမယ့် သူက ဘယ်လ်ဂျီယံ ယူ-၁၉အသင်းနဲ့ ၅ပွဲ အထိ ပါဝင် ကစားခွင့် ရထားပြီး ယူ-၁၉အသင်းနဲ့အတူ ပြသခဲ့တဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ စပါးနဲ့ ဆီဗီးလားတို့ရဲ့ ကင်းထောက်တွေက သူ့ကို မျက်စိကျနေကြတာပါ။

မူဇမ်ဘိုက ကွင်းလယ်တိုက်စစ် နေရာမှာ အဓိက ကစားလေ့ ရှိပေမယ့် လိုအပ်ရင် ဘယ်တောင်ပံမှာပါ ထွက်ကစားနိုင်စွမ်း ရှိပြီး သူက ညာခြေအားသန် ကစားသမား တဦး ဖြစ်ကာ ပြိုင်ဘက်တွေကို လိမ်ခေါက် ဖြတ်ကျော်ရာမှာ ထူးချွန်သလို ကစားအားလည်း ကောင်းပါတယ်။

Photo Credit: Metro

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ စပါးနဲ့ ဆီဗီးလားတို့က မူဇမ်ဘိုကို ခေါ်ယူဖို့ အတွက် အေဂျက်ထံ ကမ်းလှမ်းမှုတွေ လုပ်ဖို့ အဆင်သင့် ဖြစ်နေပြီး မူဇမ်ဘိုဟာ အေဂျက်ရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုတွေကို ငြင်းဆန်ထားတာကြောင့် အေဂျက်ဟာ မူဇမ်ဘိုကို ဆောင်းဈေးကွက်မှာပဲ ရောင်းထုတ်ဖွယ် ရှိနေကြောင်း သိရပါတယ်။

မူဇမ်ဘိုဟာ အေဂျက်နဲ့ စာချုပ်သက်တမ်း ၆လကျော်သာ ကျန်တော့တာကြောင့် အေဂျက်က သူ့ကို ဆောင်းဈေးကွက်မှာ ရောင်းမထုတ်ရင် ရာသီကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ရမှာ ဖြစ်ပြီး မူဇမ်ဘိုက စပါးနဲ့ ဆီဗီးလား နှစ်သင်းအနက် သူ့ကို ပွဲထွက်ခွင့် ပေးနိုင်မယ့် အသင်းကိုသာ ရွေးချယ်ဖွယ် ရှိပါတယ်။