စပိန်လာလီဂါ နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ ဆီဗီးလားအသင်းဟာ ပေါ်တူဂီ ထိပ်သီးကလပ် ပေါ်တိုအသင်းရဲ့ တောင်ပံတိုက်စစ် ကစားသမား ကိုရိုနာကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ကြောင်း နာမည်ကြီး ဥရောပ အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၉နှစ် အရွယ် မက္ကဆီကို လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ကိုရိုနာဟာ ပေါ်တိုအသင်းနဲ့ အတူ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ ကစားသမားတွေထဲက တဦး ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာ ၁၁ပွဲ ပါဝင် ကစားပေးထားရာ ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

Photo Credit: Express

ကိုရိုနာဟာ မက္ကဆီကိုသား တဦး ပီသစွာ တိုးအား ရုန်းအား ကောင်းတဲ့ ကစားသမား တဦး ဖြစ်သလို သူ့ရဲ့ ဖြတ်တင်ဘောတွေကလည်း အသင်းရဲ့ တိုက်စစ်မှူးတွေ အတွက် အတော်လေးကို အသုံးဝင်တာကြောင့် ဖြတ်တင်ဘောတွေကို အားပြု ကစားလေ့ ရှိတဲ့ ဆီဗီးလားနည်းပြ လိုပက်တီဂွီရဲ့ စိတ်ကြိုက် ကစားသမားပဲ ဖြစ်ပါတယ်။

ဒါကြောင့်ပဲ ဆီဗီးလားအသင်းဟာ ဇန်နဝါရီ အပြောင်းအရွှေ့ စတင် ဖွင့်လှစ်တဲ့ အချိန်ကတည်းက ကိုရိုနာကို ခေါ်ယူဖို့ ကြိုးစားခဲ့တာ ဖြစ်ပြီး ကိုရိုနာကလည်း သူ့ရဲ့ ကစားသမား ဘဝ အဆုံးမသတ်မီမှာ စပိန်နိုင်ငံဆီ သွားရောက် ကစားဖို့ ဆန္ဒရှိနေတာကြောင့် ဆီဗီးလားအသင်းဆီ ပြောင်းရွှေ့ဖို့ ခေါင်းညိတ်ခဲ့ပါတယ်။

Photo Credit: Express

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ဆီဗီးလားအသင်းဟာ ယနေ့မနက် အစောပိုင်းမှာပဲ ကိုရိုနာကို ခေါ်ယူဖို့ အတွက် ပေါ်တိုအသင်းနဲ့ သဘောတူညီမှု ရခဲ့ပြီး ကိုရိုနာ အတွက် ပြောင်းရွှေ့ကြေး ယူရို ၃သန်း ပေးချေရမယ် လို့ သိရပါတယ်။