အသင်းလက်မဲ့ ဖြစ်နေရတဲ့ ကစားသမားတွေအကြောင်းကို ဆက်တိုက်ဖော်ပြလာခဲ့တာ အခုဆိုရင်တော့ နောက်ဆုံးဖော်ပြရမယ့် Free Agents တိုက်စစ်ကစားသမားတွေအကြောင်းကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဒီလို အသင်းလက်မဲ့ တိုက်စစ်ကစားသမားတွေက တော်တော်လေးကို ရှိနေတာဖြစ်လို့ ယခင်ဖော်ပြနေကြ ကစားသမားတွေထက် အရေအတွက်ပိုပြီး ဖော်ပြပေးသွားပါမယ်ခင်ဗျာ။

မက်ဆီ

လီယွန်နယ်မက်ဆီလို ကစားသမားမျိုးကို Free Agent စာရင်းထဲ မြင်တွေ့နေရတာက အတော်လေးတော့ အံ့သြစရာပါ။ မက်ဆီက ကိုပါအမေရိကပြိုင်ပွဲ ပြီးဆုံးချိန်မှာ သူရဲ့အသင်း ဘာစီလိုနာနဲ့ စာချုပ်သစ်ကိစ္စတွေ လုပ်ဆောင်သွားဖို့ ရှိနေပေမယ့် ဘာစီလိုနာဘက်မှာက ဘဏ္ဍာရေးအကျပ်အတည်းတွေကြောင့် မက်ဆီကို သက်တမ်းတိုးရဖို့ထက် လက်လွတ်လိုက်မှဖြစ်မယ့် အနေအထားတွေကို ရောက်ရှိနေတာကြောင့် လာမယ့်ရာသီအတွင်း မက်ဆီကို အသင်းသစ်တစ်ခုခုမှာ မြင်တွေ့ရဖွယ် ရှိနေပါတယ်။

ဒီယဂိုကော်စတာ

အသက်လက်တီကိုအသင်းနဲ့ ရာသီဝက်ခန့်မှာ စာချုပ်ဖျက်သိမ်းပြီးနောက်ပိုင်း ကလပ်အသင်းများစွာနဲ့ သတင်းထွက်ခဲ့တဲ့ ကော်စတာဟာ အခုထိတော့ Free Agent ကစားသမား ဖြစ်လို့နေသေးပြီး သူရဲ့လုပ်ခလစာ မြင့်မားမှုဟာ သူ့ကို ခေါ်ယူချင်နေတဲ့ အသင်းတွေအတွက် အခက်အခဲတစ်ခု ဖြစ်နေရပါတယ်။ ကော်စတာကိုတော့ တူရကီ ပေါ်တူဂီဘက်က နာမည်ရှိ ကလပ်အသင်းတွေကနေ ခေါ်ယူသွားဖွယ် ရှိနေပါတယ်။

ယိုဗီတစ်

မန်စီးတီး အင်တာမီလန် ဆီဗီလာနဲ့ မိုနာကိုတို့လို ဥရောပထိပ်သီး ကလပ်အသင်းတွေမှာ ပါဝင်ကစားခဲ့ဖူးတဲ့ မွန်တီနီဂရိုး တိုက်စစ်ကစားသမား ယိုဗီတစ်ဟာလည်း မိုနာကိုအသင်းနဲ့ ဒီလထဲမှာပဲ စာချုပ်သက်တမ်း ကုန်ဆုံးသွားလို့ Free Agent ဖြစ်နေခဲ့ရပေမယ့် ဥရောပအတွေ့အကြုံကောင်းတွေ ပိုင်ဆိုင်ထားတဲ့ သူ့လို ကစားသမားမျိုးကို ခေါ်ယူချင်နေတဲ့ ကလပ်အသင်းတွေ များစွာရှိနေမှာဖြစ်ပြီး မကြာခင်မှာပဲ သူ့အတွက် အသင်းသစ်တစ်သင်းကို ရှာတွေ့သွားဖွယ် ရှိနေပါတယ်။

စတာရစ်ချ်

လီဗာပူးလ် ချယ်လ်ဆီး မန်စီးတီးအသင်းတွေရဲ့ ကစားသမားဟောင်း စတာရစ်ချ်ကတော့ ၂၀၂၀ခုနှစ် မတ်လကတည်းကနေ အသင်းလက်မဲ့ ဖြစ်နေခဲ့ရတာဖြစ်ပြီး အခုထိကို သူ့အတွက် အသင်းသစ်တစ်သင်းကို မရှာတွေ့နိုင်သေးတာလည်း ဖြစ်ပါတယ်။ အသက်(၃၁)နှစ်သာ ရှိနေသေးပြီး လက်ရှိမှာလည်း Body ပိုင်းကို သေချာထိန်းသိမ်းထားနိုင်တဲ့ စတာရစ်ချ်လို အတွေ့အကြံုရှိ တိုက်စစ်မှူးတစ်ဦးအနေနဲ့ကတော့ ဒီနွေစျေးကွက်အတွင်းမှာပဲ အသင်းတစ်သင်းဆီကို သေချာပေါက် ရောက်ရှိသွားနိုင်ပါတယ်။

မန်ဇူကစ်ဇ်

ခရိုအေးရှား ဝါရင့်တိုက်စစ်မှူးကြီးကတော့ ပြီးခဲ့တဲ့ ဘောလုံးရာသီရဲ့ ရာသီဝက်ခန့်မှာပဲ မီလန်အသင်းနဲ့ ကာလတို စာချုပ်ချုပ်ဖြစ်ခဲ့ပေမယ့် အသင်းအတွက် ဘာမှမယ်မယ်ရရ ကစားခွင့်မရခဲ့ပဲ သက်တမ်းကုန်ဆုံးချိန်မှာ လက်တွဲဖြုတ်ခဲ့ရပါတယ်။ အသက်(၃၅)နှစ်အရွှယ်တောင် ရှိလို့နေပြီဖြစ်တာကြောင့် သူ့ကို ခေါ်ယူချင်တဲ့ ကလပ်အသင်းကတော့ အတော်လေးကို နည်းပါးသွားနိုင်ပါတယ်။

ဂါမဲရိုး

ပီအက်စ်ဂျီအသင်းသားဟောင်းတစ်ဦးလည်းဖြစ် ဆီဗီလာ အသက်လက်တီကိုနဲ့ ဗလင်စီယာအသင်းတွေနဲ့အတူ လာလီဂါမှာ ဆယ်စုနှစ်တစ်ခုနီးပါး ကျင်လည်ခဲ့ဖူးသူလည်းဖြစ်တဲ့ ပြင်သစ်တိုက်စစ်မှူးကြီး ဂါမဲရိုးဟာလည်း လက်ရှိမှာ Free Agent တစ်ယောက် ဖြစ်လို့နေပြီး သူ့လို လာလီဂါ အတွေ့အကြံုကောင်းတွေ ရှိနေတဲ့ ကစားသမားမျိုးကို လာလီဂါက ကလပ်အသင်းတွေအနေနဲ့ အပြိုင်ကမ်းလှမ်းလာဖွယ် ရှိနေပါတယ်။

အန်ဒီကာရိုး

၂၀၀၇ခုနှစ်လောက်က ပရီးမီးယားလိဂ်မှာ အတော်လေးကို နာမည်ကျော်ခဲ့တဲ့ အရပ်အမောင်း မြင့်မြင့်မားမားနဲ့ တိုက်စစ်မှူးကြီး ကာရိုးကတော့ ၂၀၁၀နောက်ပိုင်းလောက်ကတည်းက သူရဲ့စွမ်းဆောင်ရည်တွေ အကျဘက်ကို ရောက်ရှိခဲ့ရပြီး နယူးကာဆဲလ် ဝက်စ်ဟမ်းတို့လို အသင်းတွေမှာပဲ ပတ်လည်ကစားနေခဲ့ရာကနေ အခုတော့ Free Agent ကစားသမား ဖြစ်သွားခဲ့ရပါတယ်။ ဂိုးတွေသွင်းယူဖို့ ရုန်းကန်နေရတတ်သူ ဖြစ်နေတာကြောင့် အသင်းသစ်တစ်သင်းဆီ ရောက်ရှိဖို့ကတော့ ခက်ခဲနိုင်ဖွယ် ရှိနေပါတယ်။