စပိန်လာလီဂါ နာမည်ကြီးကလပ် ဆီဗီးလားအသင်းဟာ သူတို့အသင်းရဲ့ နောက်ခံလူ ခွန်ဒေကို ခေါ်ယူဖို့ ကစားသမားနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်နေပေမယ့် လက်ရှိအချိန်အထိ အသင်းထံ တရားဝင် ကမ်းလှမ်းမှု မပြုလုပ်သေးတဲ့ ချယ်လ်ဆီးအသင်းအား သတိပေး ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဥရောပ ချန်ပီယံ ချယ်လ်ဆီးအသင်းဟာ ဆီဗီးလားအသင်းရဲ့ ပြင်သစ် နောက်ခံလူ ခွန်ဒေကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေတာဟာ အချိန်အားဖြင့် တလကျော် ရှိနေပြီ ဖြစ်ကာ ခွန်ဒေနဲ့လည်း ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရယူထားနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်ထားပါတယ်။

Photo Credit: Express

ဒါပေမယ့် ချယ်လ်ဆီးအသင်းဟာ လက်ရှိအချိန်အထိ ဆီဗီးလားအသင်းထံ တရားဝင် ကမ်းလှမ်းမှု တကြိမ်မှ ပြုလုပ်ထားခြင်း မရှိသေးပဲ ကြားခံ အေးဂျင့်တွေကနေ တဆင့်သာ ခွန်ဒေရဲ့ အပြောင်းအရွှေ့ကို လုပ်ဆောင်ဖို့ ကြိုးစားနေပါတယ်။

လက်ရှိမှာတော့ နွေရာသီ အပြောင်းအရွှေ့ ပိတ်သိမ်းဖို့ဟာ ၂ရက်တာ ကာလသာ လိုအပ်တော့တာကြောင့် ဆီဗီးလားအသင်းအနေနဲ့ ချယ်လ်ဆီးအသင်းရဲ့ လုပ်ရပ်တွေကို စိတ်ပျက်နေပြီး အကယ်၍ ယနေ့မှာသာ တရားဝင် ကမ်းလှမ်းမှု ပြုလုပ်လာခြင်း မရှိပါက ခွန်ဒေရဲ့ စာချုပ်ဖျက်သိမ်းကြေးကို ပေးချေမှသာ ခွန်ဒေကို လက်လွှတ်ဖို့ စဉ်းစားနေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ AS သတင်းဌာနက ဖော်ပြလာပါတယ်။

Photo Credit: Express

ခွန်ဒေရဲ့ စာချုပ်ဖျက်သိမ်းကြေးဟာ ယူရို ၈၀သန်း တန်ကြေး ရှိပြီး ချယ်လ်ဆီးအသင်းက လက်ရှိမှာ ခွန်ဒေ အတွက် ပြောင်းရွှေ့ကြေး ယူရို ၆၀သန်းနဲ့ ၇၀သန်းကြားသာ သုံးစွဲဖို့ လျာထားတာကြောင့် ချယ်လ်ဆီးအသင်းရဲ့ တာဝန်ရှိသူတွေဟာ ဆီဗီးလားအသင်းထံ တရားဝင် ကမ်းလှမ်းမှုကို ယနေ့မှာပဲ စတင် ပြုလုပ်ဖို့ လိုအပ်နေပြီး အကယ်၍ အပြောင်းအရွှေ့ နောက်ဆုံးနေ့ရက်မှသာ ခွန်ဒေကို ကမ်းလှမ်းခဲ့ပါက ယူရို၈၀သန်း အထိ ပေးချေရဖို့ အလားအလာ များပြားနေပါတယ်။