စပိန်လာလီဂါ ထိပ်သီးအသင်းဖြစ်တဲ့ ဘာစီလိုနာအသင်းရဲ့ နည်းပြဖြစ်သူ ဆီတီယန်ကတော့ လက်ရှိမှာ ပြင်သစ်အင်အားကြီး အသင်းဖြစ်တဲ့ ပီအက်စ်ဂျီအသင်းထံမှာ ကစားနေတဲ့ ဘာစီလိုနာအသင်းရဲ့ ကစားသမားဟောင်း နေမာကို အသင်းမှာ ပြန်လည် မြင်တွေ့လိုတယ်လို့ ဖွင့်ဟ ပြောဆိုလာခဲ့ပါတယ်။ ၂၀၁၇ခုနှစ်မှာ ဘာစီလိုနာအသင်းကနေ ပီအက်စ်ဂျီအသင်းထံကို ကမ္ဘာ့ စံချိန်တင် ပြောင်းရွှေ့ကြေး ယူရို၂၂၂သန်းနဲ့ ပြောင်းရွှေ့သွားခဲ့တဲ့ ဘရာဇီးတိုက်စစ်မှူး နေမာဟာ လက်ရှိအချိန်အထိ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူး ငါးဦးစာရင်းထဲမှာ ပါဝင်နေဆဲ ဖြစ်ပြီး မက်ဆီ ၊ ရိုနယ်ဒိုတို့ ခေတ်လွန်မှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ရရှိမယ့်သူလို့ ထင်ကြေးပေးခံထားရသူပါ။

Photo Credit: Marca

ပီအက်စ်ဂျီအသင်းထံကို နေမာ ပြောင်းရွှေ့ခဲ့မှုကြောင့် ဘာစီလိုနာအသင်းဟာ ဝင်ငွေများစွာ ရရှိခဲ့ပေမယ့် လက်ရှိအချိန်အထိ နေမာ ထွက်ခွာသွားမှုကြောင့် လစ်လပ်သွားတဲ့ တိုက်စစ်နေရာ ကို အင်အားဖြည့်တင်းနိုင်ခြင်း မရှိသေးပဲ ဒမ်ဘီလီ ၊ အယ်ကာဆာ ၊ ကော်တင်ဟို စတဲ့ ကစားသမားတွေကို ခေါ်ယူခဲ့ပေမယ့် ဘယ်သူကမှ ဘာစီလိုနာအသင်းနဲ့ အသားမကျခဲ့ပါဘူး။ ဒါ့ကြောင့်လည်း ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့မှ စတင်ကာ ဘာစီလိုနာအသင်းဟာ နေမာကို ပြန်လည် ခေါ်ယူနိုင်ဖို့အတွက် စတင်လှုပ်ရှားခဲ့ပြီး နေမာကလည်း ဘာစီလိုနာအသင်းထံကို ပြန်လည် ပြောင်းရွှေ့လိုစိတ် ရှိတယ်လို့ ဖွင့်ဟ ဝန်ခံထားခဲ့ဖူးပါတယ်။

Photo Credit: Marca

ဘာစီလိုနာအသင်းရဲ့ နည်းပြဖြစ်သူ ဆီတီယန် ကတော့ သူဟာ မက်ဆီကို ကိုင်တွယ်ခွင့် ရဖို့ အတွက် မက်ခဲ့ရတဲ့ အိမ်မက်တွေ ပြည့်ခဲ့ပေမယ့် နေမာကို ကိုင်တွယ်ခွင့်ရဖို့ ဆက်လက် မျှော်လင့် နေဆဲ ဖြစ်ကြောင်းနဲ့ နေမာသာ ဘာစီလိုနာဆီ ပြန်လာခဲ့ရင် ပျော်ရွှင်မိမှာပါလို့ beIN SPORTS နဲ့ လုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟသွားပါတယ်။ ဆီတီယန်က ” ကျွန်တော်က နေမာလို ထိပ်သီး ကစားသမားတစ်ဦးကို ကိုင်တွယ်ချင်ပါတယ်။ ရိုးရိုးသားသား ပြောရရင် မက်ဆီလို ကစားသမားမျိုးကို ကိုင်တွယ်ဖူးချင်တဲ့ ကျွန်တော်ရဲ့ ဆန္ဒက ပြည့်သွားပါပြီ။ ဒါပေမယ့် နေမာကသာ ကျွန်တော်တို့အသင်းဆီ ပြန်လာခဲ့ရင် အရမ်းကို ပျော်ရွှင်မိမှာပါ ” လို့ ဖွင့်ဟဝန်ခံသွားခဲ့ပါတယ်။