ဘာစီလိုနာ နည်းပြသစ် ဆက်တီယန်ကတော့ သူ့ရဲ့ လက်ထက်မှာ ဘာစီလိုနာအသင်းနဲ့ ဥရောပ ပြိုင်ပွဲတွေထဲက အမြင့်မားဆုံး ပြိုင်ပွဲ ဖြစ်တဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲကို အနိုင်ရ ဗိုလ်စွဲ ချင်ပါတယ်လို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ ယခုလ၊ ဖေဖော်ဝါရီလ (၂၆) ရက်နေ့မှာ ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ရှုံးထွက်ပွဲစဉ်၊ ပထမအကျော့ ပွဲစဉ်ကို နာပိုလီအသင်းနဲ့ ကစားရမှာ ဖြစ်ပြီး ဒုတိယအကျော့ ပွဲစဉ်ကိုတော့ မတ်လ (၁၉) ရက်နေ့မှာ ကစားသွားကြရမှာ ဖြစ်ပါတယ်။

Photo Credit: Marca

ဘာစီလိုနာအသင်းဟာ နည်းပြသစ် ဆက်တီယန်ရဲ့ လက်အောက်မှာ ရလဒ် ပိုကောင်းလာခဲ့ပေမဲ့ လာလီဂါ အမှတ်ပေး ပြိုင်ပွဲမှာတော့ အမှတ်ပေးဇယား ဦးဆောင် နည်းပြ ဇီဒန်းရဲ့ ရီးရဲလ်အသင်းနဲ့ (၃) မှတ်ကွာဟနေပြီပဲ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ ယခုအပတ် တနင်္လာနေ့ည၊ အင်္ဂါနေ့ နံနက် (၂း၃၀) အချိန်မှာ လီဗန်တေးအသင်းနဲ့ လာလီဂါ အိမ်ကွင်း ပွဲစဉ် ကစားရမှာ ဖြစ်ပြီး နည်းပြ ဆက်တီယန်က အိမ်ကွင်းမှာ တိုးတတ်မှု မြင်ရမလား ဆိုတာ စောင့်ကြည့်ရမယ်လို့ ပြောခဲ့ပါတယ်။

Photo Credit: Marca

ဆက်တီယန်က “ကျွန်တော့်ရဲ့ သမိုင်းမှာ ကျွန်တော် ဘာစီလိုနာအသင်းနဲ့ ချန်ပီယံလိဂ် ဆုဖလား ရရှိခဲ့တယ်လို့ ရေးထားတာကို ကျွန်တော် လိုချင်ပါတယ်။ ဒီမှာ စိတ်ပိုင်းဆိုင်ရာ ပုံစံကို တည်ဆောက်ပြီးပါပြီ။ ဘာစီလိုနာလို အသင်းတစ်သင်းအတွက် ကိန်းဂဏန်း အချက်အလက် မကောင်းပါဘူး။ အခု ကျွန်တော်တို့ အလွန်ကို အရေးကြီးလှတဲ့ ပွဲစဉ် (၂) ပွဲ ကစားရမှာ ဖြစ်ပြီး အိမ်ကွင်း ပွဲစဉ်တွေမှာ တိုးတတ်မှု အဆင့်ကို ပြသသွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်”လို့ အခိုင်အမာ ပြောသွားခဲ့ပါတယ်။

{Unicode}