ဘာစီလိုနာ နည်းပြ ဆက်တီယန်ကတော့ ယနေ့ည နာပိုလီအသင်းနဲ့ ကစားမယ့် ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ပွဲစဉ်အတွက် ပြင်ဆင်ထားပြီ ဖြစ်တယ်လို့ ပြောခဲ့ပြီး ယနေ့ည ပွဲစဉ်က ဘာစီလိုနာအသင်းမှာ သူ့ရဲ့ နောက်ဆုံး ပွဲစဉ် မဖြစ်နိုင်ဘူးလို့ ပြောကြားသွားလိုက်တာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ပထမအကျော့ ပွဲစဉ်မှာ နာပိုလီအသင်းနဲ့ (၁-၁) သရေကျခဲ့တာ ဖြစ်ပြီး ယနေ့ည ကစားမယ့် ဒုတိယ အကျော့ ပွဲစဉ်မှာ နောက်တစ်ဆင့် ချန်ပီယံလိဂ် ကွာတား ဖိုင်နယ်ကို တက်လှမ်းနိုင်ဖို့အတွက် လူစုံ ကစားလာနိုင်တာ ဖြစ်ပါတယ်။

Photo Credit: Marca

နည်းပြ ဆက်တီယန်ရဲ့ ဘာစီလိုနာအသင်းဟာ လက်ရှိရာသီမှာ စပိန် လာလီဂါ ဆုဖလားကို ရရှိနိုင်ချေ ရှိပေမယ့်လည်း လာလီဂါ ပြိုင်ပွဲ ပြန်စတဲ့ အချိန်မှာ ရလဒ် ဆိုးရွားလာခဲ့တာကြောင့် လာလီဂါ ဆုဖလားနဲ့ လွဲချော်ခဲ့ရပြီး အဆင့် (၂) နေရာနဲ့ လက်ရှိရာသီကို ကုန်ဆုံးခဲ့ပါတယ်။ နည်းပြ ဆက်တီယန်ဟာ ယနေ့ည ကစားမယ့် ပွဲစဉ်မှာ ရှုံးနိမ့်မယ် ဆိုရင် ဘာစီလိုနာ နည်းပြ အဖြစ်ကနေ ထုတ်ပယ်ခံရနိုင်တယ်လို့ သတင်းတွေ ထွက်နေပြီး သူက ယနေ့ည ချန်ပီယံလိဂ် ပွဲစဉ်က ဘာစီလိုနာအသင်းမှာ သူ့ရဲ့ နောက်ဆုံး ပွဲစဉ် မဟုတ်လောက်ဘူးလို့ ပြောခဲ့ပါတယ်။

Photo Credit: Marca

နည်းပြ ဆက်တီယန်က “ကျွန်တော့်ရဲ့ ယုံကြည်မှုကတော့ ဒီပွဲစဉ်ဟာ ဘာစီလိုနာအသင်းမှာ ကျွန်တော့်ရဲ့ နောက်ဆုံး ပွဲစဉ် ဖြစ်မယ်လို့ ကျွန်တော် မတွေးမိပါဘူး။  ကျွန်တော်တို့ ဒီပွဲစဉ် အတွက် ပြင်ဆင်ထားပါတယ်။ ကျွန်တော်တို့ နာပိုလီအသင်းက ပစ်ချလာတဲ့ အရာမှန်သမျှကို ခုခံဖို့ အဆင်သင့် ဖြစ်နေပြီ ဖြစ်ပါတယ်။ နာပိုလီအသင်းက ပထမအကျော့ကတည်းက အများကြီး တိုးတတ်လာခဲ့ပါတယ်။ သူတို့က စီးရီးအေ ပြိုင်ပွဲမှာ ဘောလုံး ပိုင်ဆိုင်မှု အများဆုံး ရရှိထားတဲ့ အသင်းပါပဲ။ ကောင်းမွန်တဲ့ ခံစစ် ရှိပါတယ်။ သူတို့ရဲ့ တိုက်စစ်ကလည်း ဒုက္ခတွေ ပေးနိုင်ပါတယ်။ ကျွန်တော်တို့ သူတို့အသင်းကို ကောင်းစွာ လေ့လာခဲ့ပါတယ်။ သူတိုတွေရဲ့ ခြိမ်းခြောက်မှုကို လျှော့နည်းအောင် ကြိုးစားသွားကြပါမယ်”လို့ ပြောသွားလိုက်တာ ဖြစ်ပါတယ်။