စပိန်အင်အားကြီး အသင်းတစ်သင်းဖြစ်တဲ့ ဘာစီလိုနာအသင်းရဲ့ နည်းပြဖြစ်သူ ဆီတီယန် ကတော့ သူတို့အသင်းရဲ့ အဓိက ကစားသမား ဖြစ်သူ လီယွန်နယ်မက်ဆီဟာ ဘောလုံး ကစားသမားဘဝကို ဘာစီလိုနာအသင်းမှာပဲ ပြီးဆုံးမှာ ဖြစ်တယ်လို့ အတည်ပြု ပြောဆိုသွားပါတယ်။ ငယ်စဉ်ကတည်းက အာဂျင်တီးနားနိုင်ငံ ကနေ ဘာစီလိုနာမြို့ကို ပြောင်းရွှေ့ကာ ဘာစီလိုနာတစ်သင်းတည်းအတွက် ကစားပေးခဲ့တဲ့ မက်ဆီဟာ ဘာစီလိုနာအသင်းမှာပဲ ကမ္ဘာ့ အကောင်းဆုံး ကစားသမားဆိုတဲ့ ဂုဏ်ပုဒ်ကို ၆ကြိမ်အထိ ရရှိခဲ့သလို ကမ္ဘာ့ဘောလုံး သမိုင်းရဲ့ အကောင်းဆုံး ကစားသမားတွေထ​ဲက တစ်ဦး အဖြစ် သတ်မှတ်ခံထားရသူပါ။ ဒါ့အပြင် မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့အတူ ကလပ် ကစားသမားဘဝမှာ မရယူနိုင်ခဲ့တဲ့ ဆုဖလား မရှိအောင်ကို ဆုဖလားပေါင်းများစွာ ရရှိခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။

Photo Credit: Marca.com

ဒါပေမယ့် အသက်၃၂နှစ်အရွယ် ရှိနေပြီ ဖြစ်တဲ့ မက်ဆီဟာ သူ့ရဲ့ ကစားသမားဘဝ အဆုံးသတ်ရတော့မယ့် အချိန်ကို ရောက်ရှိဖို့ နီးကပ်လာနေသူ ဖြစ်ပြီး သူ့ရဲ့ ကစားသမားဘဝ နောက်ဆုံးအချိန်တွေကို ဘယ်အသင်းမှာ အဆုံးသတ်မလဲဆိုတာ သိချင်နေသူ အများအပြား ရှိကြပါတယ်။ လတ်တလောမှာလည်း မက်ဆီနဲ့ ပတ်သတ်ပြီး အပြောင်းအရွှေ့သတင်းတွေ အတော်များများဟာ ကျယ်ပြန့်စွာ ထွက်ပေါ် နေခဲ့ပြီး မက်ဆီကိုယ်တိုင်တောင် ဖြေရှင်းခဲ့ရတဲ့ အခြေအနေအထိ အပြောင်းအရွှေ့သတင်းတွေဟာ ထွက်ပေါ်ခဲ့ပါတယ်။ လက်ရှိမှာ ထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရတော့ မက်ဆီအနေနဲ့ ဘာစီလိုနာအသင်းကနေ ထွက်ခွာခဲ့ရင် ရွေးချယ်စရာ အသင်းသုံးသင်းရှိကြောင်းနဲ့ အဆိုပါအသင်းတွေဟာ နည်းပြဟောင်း ဂွာဒီယိုလာရှိတဲ့ မန်စီးတီးအသင်း ၊ ငယ်ဘဝအသင်းဖြစ်တဲ့ နယူးဝဲလ် အိုဘွိုင်း ၊ စီးရီးအေကလပ် အင်တာမီလန် အသင်းတို့ဖြစ်ကြောင်း သိထားရပါတယ်။

Photo Credit: Marca.com

မက်ဆီကတော့ အင်တာမီလန်အသင်းနဲ့ ထွက်ပေါ်နေတဲ့ သတင်းတွေဟာ သတင်းမှားတွေသာ ဖြစ်တယ်လို့ ကြေညာထားပေမယ့် ဆရာဟောင်း ဂွာဒီယိုလာရှိတဲ့ မန်စီးတီး အသင်းနဲ့ သတင်းတွေ ၊ နယူးဝဲလ်အိုဘွိုင်း အသင်းတို့နဲ့ ပတ်သတ်တဲ့ သတင်းတွေကိုတော့ ဖြေရှင်းထားခြင်း မရှိပါဘူး။ ဒါ့ကြောင့်လည်း မက်ဆီအနေနဲ့ ဘာစီလိုနာအသင်းကနေ ဆိုင်းမဆင့် ဗုံမဆင့် ထွက်ခွာသွားမှာကို ဘာစီလိုနာ အသင်းရဲ့ ပရိသတ်တွေက စိုးရိမ်နေကြတာပါ။ ဒါပေမယ့် ဘာစီလိုနာအသင်းရဲ့ နည်းပြဖြစ်သူ ဆီတီယန်ကတော့ မက်ဆီအနေနဲ့ ဘာစီလိုနာ အသင်းကို စွန့်ခွာသွားမှာ မဟုတ်ကြောင်းနဲ့ ဘာစီလိုနာအသင်းမှာပဲ ဆက်ရှိနေမှာဖြစ်တယ် လို့ သတင်းဌာနတစ်ခုနဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ ဖြေဆိုသွားခဲ့ပါတယ်။ မက်ဆီရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး ဆီတီယန်က ” ဒီလိုသတင်းတွေ ထွက်လာတာက ပုံမှန်လို့ပြောရမှာပါပဲ။ သတင်းတွေက အသင်းကြီးတွေအကြောင်းကိုပဲ တင်ပြချင်ကြတာလေ။ ကျွန်တော်တို့တွေ တိတ်ဆိတ် နေတဲ့နေရာလေးတစ်ခုမှာ အလုပ်လုပ်လို့ရရင် ပိုကောင်းပါလိမ့်မယ်။ ဒါပေမယ့် ဒါက ဘောလုံးလောကပါ။ ကျွန်တော်ကတော့ သူဟာ နူးကမ့် မှာ ကစားသမားဘဝ အဆုံးသတ်မယ်လို့ ယုံထားပါတယ် ” လို့ ဖြေရှင်းသွားခဲ့ပါတယ်။