စပိန် လာလီဂါ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ဘာစီလိုနာ အသင်းရဲ့ နည်းပြဟောင်း ဖြစ်သူ ဆက်တီယန် ကတော့ ဘာစီလိုနာ အသင်းရဲ့ အဓိက ကစားသမား ဖြစ်သူ လီယွန်နယ် မက်ဆီဟာ ကိုင်တွယ်ရ ခက်တဲ့ ကစားသမား ဖြစ်ကြောင်း El Pais သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြား သွားခဲ့ပါတယ်။ ဆက်တီယန်ဟာ မကြာသေးမီကမှ ဘာစီလိုနာ အသင်းကနေ ထုတ်ပယ်ခံခဲ့ ရတဲ့ နည်းပြ တစ်ဦးဖြစ်ပြီး သူ့ရဲ့လက်ထက်မှာ ဘာစီလိုနာ အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ဘက် ဘိုင်ယန်မြူးနစ် အသင်းကို ၈-၂ ဆိုတဲ့ ရလဒ်နဲ့ အရှက်ရဖွယ် အရေးနိမ့်ခဲ့တာကြောင့် အသင်းကနေ ထွက်ခွာခဲ့ရသူလည်း ဖြစ်ပါတယ်။

Photo Credit: Talksport

ဆက်တီယန်ဟာ ဘာစီလိုနာ အသင်းနဲ့ ယခုအချိန် အထိ လျော်ကြေးငွေကိစ္စ အဆင်မပြေသေးပဲ မကြာသေးမီကလည်း ဘာစီလိုနာ အသင်းကို လျော်ကြေးငွေ ကိစ္စနဲ့ ပတ်သတ်ပြီး တရားစွဲဆိုထားသူ ဖြစ်ပါတယ်။ အခုချိန်မှာတော့ ဆက်တီယန်က မက်ဆီဟာ ကမ္ဘာ့ဘောလုံး လောကသမိုင်းမှာ အကောင်းဆုံး ကစားသမား တစ်ဦးဖြစ်ပြီး ဘာစီလိုနာ အသင်းမှာ မက်ဆီ စွမ်းဆောင်ပြ နိုင်ခဲ့တဲ့ အရာကို တခြား ဘယ်ကစားသမားမှ လုပ်ဆောင်ပြနိုင်မှာ မဟုတ်ဘူးလို့ ဆိုသွားပါတယ်။ ဒါပေမယ့် ဆက်တီယန်က မက်ဆီ ဟာ တခြား ကစားသမားတွေနဲ့ မတူပဲ ကိုင်တွယ်ရခက်တဲ့ ကစားသမား ဖြစ်ကြောင်း ဖွင့်ဟ ပြောကြား သွားခဲ့ပါတယ်။

Photo Credit: Talksport

မက်ဆီနဲ့ ပတ်သတ်ပြီး ဆက်တီယန်က “မက်ဆီဟာ သမိုင်းတစ်လျှောက်မှာ အကောင်းဆုံး ကစားသမား လို့ ကျွန်တော် ထင်ပါတယ်။ အရမ်းကောင်းခဲ့ကြတဲ့ ထိပ်သီး ကစားသမားတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် မက်ဆီလိုမျိုး နှစ်ပေါင်းများစွာ တူညီတဲ့ စွမ်းဆောင်ရည်နဲ့ ခြေစွမ်းကို ပြသနိုင်ခဲ့တဲ့ ကစားသမား ကတော့ ရှိမယ် မထင်ပါဘူး။ လီယို(မက်ဆီ)က ကိုင်တွယ်ရ ခက်တဲ့ ကစားသမား တစ်ဦးပါ။ သူ့ရဲ့ ကစားပုံ ကို ပြောင်းလဲရအောင် ကျွန်တော်က ဘာမို့လို့လဲ။ တကယ်လို့ လူအများကသာ မက်ဆီရဲ့ နှစ်ပေါင်းများစွာ ပြသခဲ့တဲ့ ခြေစွမ်းကို လက်ခံနိုင်ရင် သူ့ကို ပြောင်းလဲပေးစရာ မလိုပါဘူး။ ကစားသမားတွေမှာ မတူညီတဲ့ အမြင်တွေ ရှိကြပါတယ်။ အဲ့ဒီအရာက ကိုင်တွယ်ဖို့ ခက်တဲ့ အရာတစ်ခုပါ။ အရမ်းကို ခက်ခဲတဲ့ အရာတစ်ခု လို့ ဆိုရင်လည်း မမှားပါဘူး။ အဲ့ဒါက အားကစားသမားတွေရဲ့ စိတ်ထဲမှာ မွေးရာပါ ရှိနေတဲ့ အရာတစ်ခုပဲ ဖြစ်ပါတယ်။ ဒါကို ခင်ဗျားတို့ မိုက်ကယ် ဂျော်ဒန်အကြောင်း ရိုက်ထားတဲ့ မှတ်တမ်းရုပ်ရှင်မှာလည်း တွေ့မြင်နိုင်ပါတယ်။ ခင်ဗျားက သူတို့ဆီကနေ ခင်ဗျား မမျှော်လင့်ထားတဲ့ အရာတွေကိုပဲ မြင်တွေ့ရတာပါ။ မက်ဆီဟာ အရမ်းကို သီးသန့်ဆန်တဲ့ ကစားသမား တစ်ဦးပါ။ ဒါပေမယ့် သူက ခင်ဗျားကို သူ မြင်စေချင်တဲ့ အရာတွေကို ပြသနိုင်လေ့ ရှိပါတယ်။ သူဟာ စကားတေွ အများကြီး မပြောတတ်ပါဘူး” လို့ ပြောကြား သွားခဲ့ပါတယ်။