ဘာစီလိုနာအသင်းရဲ့ နည်းပြဖြစ်သူ ဆက်တီယန်က စပိန်လာလီဂါပွဲစဉ်တွေ ပြန်လည်စတင်ချိန်ကနေ မနေ့ညက ကစားခဲ့တဲ့ ရီးရဲလ်ဗယ်လာဒိုးလစ်အသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်အထိ လုံးဝအနားမယူရပဲ ပွဲချိန်ပြည့်တွေ ဝင်ရောက်ဆင်နွဲခဲ့တဲ့ အသင်းရဲ့ အဓိကတိုက်စစ်ကစားသမား အသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီအနေနဲ့ ပွဲအရမ်းပန်းလာနိုင်တာကြောင့် အပြည့်အဝကို အနားယူသင့်နေပေမယ့် သူ့ကို ပေးမနားခင်မှာ အသင်းက ပထမပိုင်းပွဲချိန်တွေအတွင်း သွင်းဂိုးများစွာ ရယူထားနိုင်ဖို့တော့ လိုအပ်နေမယ်လို့ ရှင်းလင်းပြောဆိုလာခဲ့ပါတယ်။

Photo Credit : FC Barcelona Noticias

အသက်(၃၃)နှစ်အရွှယ်ရှိ အာဂျင်တီးနားလက်ရွေးစင် တိုက်စစ်ကစားသမား မက်ဆီဟာ ဇွန်လ(၁၆)ရက်နေ့မှာ ကစားခဲ့တဲ့ မာယော့ကာနဲ့ပွဲစဉ်ကနေစပြီး မနေ့ညက ကစားခဲ့တဲ့ ဗယ်လာဒိုးလစ်နဲ့ပွဲအထိ (၉)ပွဲဆက်တိုက် မိနစ်(၉၀)အပြည့် ပါဝင်ကစားခဲ့ရတာကြောင့် ပွဲပန်းမှုဒဏ်ကို များစွာခံစားနေနိုင်တာကြောင့် နည်းပြဆက်တီယန်က သူ့အသင်းရဲ့ အဓိက ကစားသမားကို အနားပေးချင်နေတာဖြစ်ပါတယ်။ ဆက်တီယန်က “ကျွန်တော် သူ့ကို အပြည့်အဝ အနားပေးချင်ပါတယ်။ ဒါပေမယ့် ဒါကလည်း သွင်းဂိုးအခြေအနေအပေါ်မှာတော့ မူတည်နေပါတယ်။ တစ်ကယ်လို့များ ကျွန်တော်တို့အသင်းက ပထမပိုင်းမှာ သွင်းဂိုးတွေများစွာ ပိုင်ဆိုင်ထားမယ်ဆိုရင် ကစားသမားကောင်းတွေကို ဒုတိယပိုင်းမှာ အနားပေးလို့ရနိုင်ပါတယ်” လို့ ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Tribuna

မက်ဆီဟာ အသင်းနဲ့အတူ စပိန်လာလီဂါဆုဖလားကို ထိန်းသိမ်းထားနိုင်ဖို့အတွက် ပွဲတိုင်းမှာ ပွဲချိန်ပြည့် ဝင်ရောက်ကစားခဲ့ပြီး သွင်းဂိုးမရနိုင်တောင်မှ ဂိုးဖန်တီးမှုတွေကိုတော့ လုပ်ဆောင်ပေးနိုင်တာကြောင့် အခုဆိုရင် ဒီရာသီ လာလီဂါမှာ သူရဲ့ဂိုးဖန်တီးမှုက အကြိမ်(၂၀)တောင် ရှိလာခဲ့သလို လိဂ်သွင်းဂိုးကလည်း ဂိုး(၂၂)ဂိုးအထိ ရှိနေရပါတယ်။ လက်ရှိမှာ ဘာစီလိုနာအသင်းက လာလီဂါအမှတ်ပေးဇယားရဲ့ အဆင့်(၂)မှာ ရပ်တည်နေပြီး ထိပ်ဆုံးက ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ရမှတ်(၄)မှတ် ကွာဟလို့နေတာကြောင့် လက်ကျန်ပွဲအားလုံးကို အနိုင်ရဖို့ လိုအပ်နေတဲ့အပြင် ရီးရဲလ်ကလည်း ခြေချော်ဖို့ လိုအပ်နေပါတယ်။ ဒီလို အသင်းအတွက် အရေးကြီးနေတဲ့အချိန်ဖြစ်တာကြောင့် အသင်းရဲ့အသင်းခေါင်းဆောင်တာဝန်ယူကို ထမ်းဆောင်ထားရတဲ့ မက်ဆီဟာ အသင်းနဲ့အတူ ပွဲတိုင်းကို ပွဲချိန်ပြည့်တိုက်ပွဲဝင်နေရတာဖြစ်ပြီး လက်ကျန်(၂)ပွဲဖြစ်တဲ့ အိုဆာဆူနာ အလာဗက်စ်အသင်းနဲ့ ပွဲစဉ်တွေမှာလည်း မက်ဆီက ပွဲချိန်ပြည့်ပါဝင်နေဦးမှာ သေချာပါတယ်။