MySport Myanmar

ယူနိုက်တက်ကို ထိပ်ဆုံးနေရာဆီ ပြန်ပို့ဆောင်ပေးမယ်လို့ ဆက်စ်ကို ကြုံးဝါး

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ပေါင်(၇၄)သန်းတန် တိုက်စစ်ကစားသမားသစ် ဘင်ဂျမင် ဆက်စ်ကိုက ပြိုင်ဘက်အသင်းတွေကို သတိပေးစကားဆိုလိုက်ပြီး မန်ယူနိုက်တက်ကို ထိပ်တန်းအသင်းတစ်သင်းအဖြစ် ပြန်လည်ရောက်ရှိအောင် ပို့ဆောင်ပေးဖို့ဆိုတာ အချိန်တစ်ခုသာ လိုတော့ကြောင်း ကြုံးဝါးပြောကြားလိုက်ပါတယ်။

ဆက်စ်ကိုဟာ နယူးကာဆယ်အသင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချပြီး စနေနေ့က အိုးထရက်ဖို့ဒ်ကွင်းဆီ ပြောင်းရွှေ့ဖို့ အပြီးသတ်ဆုံးဖြတ်ခဲ့သူဖြစ်ပါတယ်။ တိုက်စစ်မှူး ဆက်စ်ကိုက နည်းပြရူဘင် အမိုရင်ရဲ့ ယူနိုက်တက်အသင်းဟာ အခက်အခဲတချို့နဲ့ ရင်ဆိုင်ခဲ့ရပြီးနောက်မှာ အခုအခါ ပြန်လည် တိုးတက်ကောင်းမွန်လာနေပြီဖြစ်ပြီး ဒီစီမံကိန်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လာဖို့ အခွင့်အရေးကို လက်လွတ်မခံနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။

Photo Credit : Manchester United

ယူနိုက်တက်အသင်းက သူ့ရဲ့ရည်မှန်းချက်တွေနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ဆက်စ်ကိုက “ကျွန်တော်တို့ တစ်ဆင့်ပြီးတစ်ဆင့် ပိုကောင်းလာတယ်၊ ပိုပြီးချိတ်ဆက်မိလာတယ်၊ အတူတကွ ကြီးထွားလာနေပါတယ်။ ကျွန်တော်တို့ ပြန်လည်ပျံသန်းဖို့ဆိုတာ အချိန်တစ်ခုပဲ လိုပါတော့တယ်။” လို့ ယုံကြည်ချက်ရှိရှိ ပြောကြားခဲ့ပါတယ်။

နယူးကာဆယ်အသင်းကလည်း လိုက်ပ်ဇစ်အသင်းတောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးကို ပေးချေခဲ့တာကြောင့် ဆလိုဗေးနီးယား လက်ရွေးစင်ကစားသမားဟာ ကလပ်နှစ်သင်းကြားမှာ ရွေးချယ်ခွင့် ရရှိခဲ့ပေမယ့် ယူနိုက်တက်ကိုပဲ ဘာကြောင့်ရွေးချယ်ခဲ့သလဲဆိုတဲ့ အမေးကိုတော့ သူက အခုလို ရှင်းပြခဲ့ပါတယ်။ “ပထမဆုံးကတော့ ကလပ်အသင်းကြောင့်ပါ။ ဒါဟာ မယုံနိုင်လောက်အောင်ကောင်းပြီး သမိုင်းဝင်တဲ့ ကလပ်အသင်းတစ်သင်း ဖြစ်ပါတယ်။ အသင်းကလည်း ကောင်းမွန်ပြီး တဖြည်းဖြည်း ပိုကောင်းလာနေပါတယ်။ ဒါက ကိုယ်တိုင်ပါဝင်ချင်စိတ်ဖြစ်လာအောင် စွမ်းအင်တွေပေးပါတယ်။ စီမံကိန်းကောင်းတစ်ခုဖြစ်ပြီး အမြန်ဆုံးစတင်ဖို့ ကျွန်တော် မစောင့်နိုင်တော့ပါဘူး။ ဒါပေါ့၊ နည်းပြကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ သူက လူကောင်းတစ်ယောက်ဖြစ်သလို နည်းပြကောင်းတစ်ယောက်လည်း ဖြစ်ပါတယ်။ သူ့လက်အောက်မှာ ကစားရမှာက စိတ်လှုပ်ရှားစရာကောင်းလိမ့်မယ်လို့ ထင်ပါတယ်” လို့ ဆက်စ်ကိုက ဆိုပါတယ်။

Photo Credit : The Independent

ဆက်စ်ကိုရဲ့ ဘောလုံးစံပြပုဂ္ဂိုလ်ကတော့ ယူနိုက်တက်တိုက်စစ်မှူးဟောင်း ဇလာတန် အီဘရာဟီမိုဗစ်ဖြစ်ပြီး ဆွီဒင်ဂန္ထဝင်ရဲ့ ဗီဒီယိုဖိုင်တွေကို နှစ်ပေါင်းများစွာ အသေးစိတ်လေ့လာကြည့်ရှုခဲ့သူလည်း ဖြစ်ပါတယ်။ အီဘရာဟီမိုဗစ်ဟာ အိုးထရက်ဖို့ဒ်မှာ အမှတ်တရရာသီတစ်ခုကို ပိုင်ဆိုင်ခဲ့ပြီးမှ ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပေမယ့် ကစားသမားသစ် ဆက်စ်ကိုကတော့ သူ့လိုမျိုး ချက်ချင်းအကျိုးသက်ရောက်မှုတွေ ပြုလုပ်နိုင်ခဲ့မယ်ဆိုရင် အတိုင်းမသိ ပျော်ရွှင်နေမှာ သေချာပါတယ်။

“ကျွန်တော် ငယ်ငယ်ကတည်းက သူ့ကို ကြည့်ခဲ့တာပါ။ YouTube မှာ ရှာလို့ရနိုင်သမျှ ဗီဒီယိုတိုင်းကို ကြည့်ပါတယ်။ ဘာလို့လဲဆိုတော့ သူက ကျွန်တော့်အတွက် အံ့မခန်းဖြစ်နေလို့ပါ။ ကျွန်တော်တို့ရဲ့ စရိုက်လက္ခဏာကတော့ မတူပါဘူး။ ဒါပေမဲ့ သူ့ရဲ့ကစားပုံ၊ ဘောလုံးကို ပျော်ပျော်ရွှင်ရွှင်ကစားပုံတွေကို ကျွန်တော် သဘောကျတယ်။ ယေဘုယျအားဖြင့် သူက ကျွန်တော့်ရဲ့ Idol ပါ။ သူ့ဆီကနေ တချို့အရာတွေကို ယူဖို့ကြိုးစားပါတယ်။ အမြင့်ဘော ကန်ချက်တွေ၊ အားပြင်းတဲ့ ကန်ချက်တွေလိုမျိုး တူညီတာလေးတွေတော့ ရှိပါတယ်။ ကျွန်တော်တို့ရဲ့ ကစားဟန်က မတူပေမယ့် ဘယ်လိုအခြေအနေမှာမဆို သူလုပ်သလိုမျိုး လိုက်လုပ်ဖို့ ကြိုးစားသွားမှာပါ” လို့ ဆက်စ်ကိုက ပြောကြားခဲ့ပါတယ်။

Exit mobile version