MySport Myanmar

ဆက်ရှ်ကိုက အန်တိုနီထက်တောင် ဆိုးရွှားတဲ့ ခေါ်ယူမှုလို့ ဝေဖန်ခံနေရ

မနေ့က ကစားခဲ့တဲ့ မန်ချက်စတာဒါဘီပွဲစဉ်မှာ မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းကို ၃-၀ ဂိုးနဲ့ ဂိုးပြတ်အရှုံးပေးခဲ့ပြီးနောက် ယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူးသစ် ဘင်ဂျမင် ဆက်ရှ်ကိုဟာ ပရိသတ်တွေရဲ့ ဒေါသတကြီး ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ယူနိုက်တက်အတွက် ပထမဆုံးအကြိမ် ပွဲထွက်ကစားခွင့်ရခဲ့တဲ့ ဒီပွဲစဉ်မှာ ဆက်ရှ်ကိုဟာ “လုံးဝ ပွဲပျောက်နေခဲ့” ပြီး “ငွေဖြုန်းတီးမှုသက်သက်” ဖြစ်ကြောင်းနဲ့ “အန်တိုနီထက်တောင် ဆိုးတဲ့ ခေါ်ယူမှု” ဖြစ်ကြောင်း ဆိုရှယ်မီဒီယာပေါ်မှာ ပြင်းပြင်းထန်ထန် ပြောဆိုခံနေရတာ ဖြစ်ပါတယ်။

Photo Credit : Transfermaerket

နည်းပြ ရူဘင် အာမိုရင်ရဲ့ ယူနိုက်တက်အသင်းဟာ အီတီဟတ်ကွင်းမှာ ဟာလန်းရဲ့ နှစ်ဂိုးနဲ့ ဖိုဒန်ရဲ့ တစ်ဂိုးတို့ကြောင့် အရှုံးပေးခဲ့ရတာပါ။ ဒီပွဲစဉ်မှာ တိုက်စစ်မှူး ဆက်ရှ်ကိုဟာ ဘောလုံးပေးပို့မှု (၈)ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပြီး တစ်ဦးချင်းယှဉ်ပြိုင်မှု (၉)ကြိမ်မှာ (၃)ကြိမ်သာ အနိုင်ရခဲ့ကာ ပွဲချိန် မိနစ် (၈၀)မှာ ကက်စ်မဲရိုးနဲ့ လူစားလဲခံခဲ့ရပါတယ်။

ပွဲအပြီးမှာတော့ ပရိသတ်တွေက X (တွစ်တာ) လူမှုကွန်ရက်ပေါ်မှာ ဆက်ရှ်ကိုရဲ့ ခြေစွမ်းကို အခုလို ဝေဖန်ခဲ့ကြပါတယ်။ @Shaun2051165: “ဆက်ရှ်ကို လုံးဝ ပွဲပျောက်နေခဲ့တယ်။ တကယ့်ကို ငွေဖြုန်းတီးမှုသက်သက်ပဲ။” @OneAimSports: “ဆက်ရှ်ကို နောက်ဆုံး ဂိုးကန်သွင်းခဲ့တာ လိုက်ပ်ဇစ်မှာတုန်းကပဲ ဖြစ်လိမ့်မယ်။”

Photo Credit : Goal

@aliabbas00: “ဆက်ရှ်ကိုက ဒီရာသီရဲ့ ခြေစွမ်းမပြနိုင်ဆုံး ကစားသမားတွေထဲက တစ်ယောက်ဖြစ်လာလိမ့်မယ်။” ယူနိုက်တက် ပရိသတ် @PDwiddy1: “ဆက်ရှ်ကို ဘောလုံးကစားတတ်ရဲ့လားလို့တောင် ကျွန်တော်ယုံကြည်နေပြီ။ အန်တိုနီထက်တောင် ဆိုးတဲ့ ခေါ်ယူမှု ဖြစ်နိုင်တယ်။ နောက်အပတ် ချယ်လ်ဆီးကို ရှုံးပြီးရင် အာမိုရင်လည်း ဒီအခြေအနေကနေ လွတ်မြောက်မှာမဟုတ်ဘူး။” ချယ်လ်ဆီး ပရိသတ် @Case_CFC (နောက်ပြောင်ပြီး): “ဆက်ရှ်ကို ဒီနေ့ ဘောလုံးထိလိုက်ရရဲ့လားဟေ့?”

ယူနိုက်တက်အတွက် (၅)ပွဲအထိ ပါဝင်ကစားပေးထားပေမယ့် ဆလိုဗေးနီးယားတိုက်စစ်မှူးဟာ ဂိုးပေါက်ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ ပရိသတ်တွေကလည်း အသင်းဖော်တွေဟာ သူ့ရဲ့အရည်အချင်းကို အသုံးချနိုင်ဖို့ တိုက်ရိုက်ဘောလုံးကစားဟန်မျိုး မကစားပေးကြဘူးလို့ ဝေဖန်မှုတွေ ရှိနေပါတယ်။ ယူနိုက်တက်အသင်းဟာ လာမယ့်ပွဲစဉ်မှာ ကမ္ဘာ့ချန်ပီယံ ချယ်လ်ဆီးအသင်းနဲ့ အိုးထရက်ဖို့ဒ်မှာ ရင်ဆိုင်ရမှာဖြစ်ပြီး နည်းပြ အာမိုရင်အတွက်တော့ နောက်ထပ်ရှုံးပွဲမဖြစ်အောင် ဘယ်လိုပြင်ဆင်ရမလဲဆိုတာ ခေါင်းခဲစရာ ဖြစ်နေပါပြီ။ အသင်းနဲ့ အသားမကျသေးတဲ့ ဆက်ရှ်ကိုတစ်ယောက် လာမယ့်ပွဲစဉ်မှာ အရန်ခုံကို ပြန်ရောက်သွားနိုင်ဖွယ် ရှိနေပါတယ်။

Exit mobile version