မနေ့ညက တူရင်မြေမှာ ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ ဂျုဗင်တပ်စ်အသင်းနဲ့ လိုင်ယွန်အသင်းတို့ရဲ့ချန်ပီယံလိဂ် (၁၆)သင်းအဆင့် ရှံးထွက်ဒုတိယအကျော့ပွဲစဉ်မှာ အိမ်ရှင်အသင်းက ရော်နယ်ဒိုရဲ့သွင်းဂိုးနဲ့အတူ လိုင်ယွန်ကို (၂)ဂိုး(၁)ဂိုးနဲ့ အနိုင်ယူခဲ့ပေမယ့် နှစ်ကျော့ပေါင်းရလဒ်မှာတော့ (၂)ဂိုးစီသရေကျနေပြီး အဝေးဂိုးတစ်ဂိုးရထာခဲ့တဲ့ လိုင်ယွန်အသင်းက အဝေးဂိုးစည်းမျဉ်းနဲ့ နောက်တစ်ဆင့်ကို တတ်လှမ်းသွားခဲ့ရကာ ဂျုဗင်တပ်စ်အသင်းကတော့ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ စောစောစီးစီးပဲ လှည့်ပြန်သွားခဲ့ရပါတယ်။

Photo Credit : Goal

ပွဲအစ (၁၂)မိနစ်အတွင်းမှာ ခွင့်ပြုလိုက်ရတဲ့ ဒီပိုင်းရဲ့ပင်နယ်တီသွင်းဂိုးကြောင့် ဂျုဗင်တပ်စ်တို့ ပြန်လာဖို့ ခက်ခဲသွားခဲ့ပေမယ့်လည်း ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးကစားသမားဖြစ်သူ ရော်နယ်ဒိုရဲ့ချေပဂိုးတွေနဲ့ ဦးဆောင်ဂိုးတွေနဲ့အတူ ဂျုဗင်တပ်စ်တို့ ကွာတားတတ်ရေး မျှော်လင့်ချက်တွေက ပိုမိုအားကောင်းလာခဲ့ရပြန်ပြီး သွင်းဂိုးတစ်ဂိုးရလိုက်ရုံနဲ့ ကွာတားတတ်ခွင့်ရမှာဖြစ်ပေမယ့် သွင်းဂိုးတွေ ဆက်လက်မရရှိတော့တာကြောင့် (၃)နှစ်ဆက်တိုက် ကွာတားဖိုင်နယ် တတ်ရောက်ခဲ့တဲ့ အစဉ်အလာလည်း ပျက်ဆီးသွားခဲ့ရပါတယ်။

Photo Credit : Tutto Juve

ရှံးပွဲနဲ့ပတ်သက်ပြီး ဂျုဗင်တပ်စ်ရဲ့အသင်းခေါင်းဆောင် နောက်ခံကစားသမားကြီး လီယိုနာဒိုဘနူချီက “ကျွန်တော်တို့ အရမ်းစိတ်ပျက်ခဲ့ရတယ်။ ဒီလိုပွဲမျိုးမှာ ဒီလိုရလဒ်တွေ ထွက်လာနိုင်မယ်ဆိုတာကိုလည်း ကျွန်တော်တို့ သိထားခဲ့ပြီးသားပါ။ သူတို့တွေက ခံစစ်ကိုပဲ အသားပေးကစားသွားပြီးတော့ ကျွန်တော်တို့ အခွင့်အရေးမရအောင် လုပ်ဆေင်သွားခဲ့တယ်။ ပွဲအစပိုင်းလောက်မှာပဲ ကျွန်တော်တို့တွေ ပင်နယ်တီကနေပြီး သွင်းဂိုးစတင်ခွင့်ပြုပေးခဲ့ရပေမယ့် ပြန်လာနိုင်ဦးမယ်လို့ ယုံကြည်သက်ဝင်စိတ်ရှိနေသေးတာကြောင့် ကျွန်တော်တို့တွေ ပွဲကို အကောင်းဆုံးကစားခဲ့ပါတယ်။ ဒီညမှာ ကျွန်တော်တို့ဘက်ကနေ လုပ်နိုင်သမျှအားလုံးကို လုပ်ပြခဲ့ပါတယ်။ ရလဒ်ကတော့ တကယ့်ကို စိတ်ထိခိုက်စရာပါပဲ။ ကျွန်တော်တို့တွေ ဘယ်လောက်အထိ အင်တိုက်အားတိုက် ကစားခဲ့သလိုဆိုတာကိုလည်း အားလုံးအမြင်ပါပဲ။ လိုင်ယွန်ဆိုရင် ဂိုးပေါက်တည့်ကန်ချက်ဆိုလည်း တစ်ကြိမ်ပဲ ရှိခဲ့တယ်လေ။ ဒါပေမယ့်လည်း ကျွန်တော်တို့အသင်းရဲ့အဓိကပစ်မှတ်က လိဂ်ချန်ပီယံဖြစ်ရေးပါပဲ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ဂျုဗင်တပ်စ်အသင်းဟာ ဥရောပမှာ အောင်မြင်မှုရယူဖို့ အလှမ်းဝေးနေသေးပေမယ့်လည်း ပြည်တွင်းမှာတော့ အီတလီချန်ပီယံအဖြစ် ဆက်လက်မင်းမူနေဆဲဖြစ်ပြီး ဒီရာသီမှာလည်း စီးရီးအေချန်ပီယံဆုကို (၉)နှစ်ဆက်တိုက်အထိ ဆွတ်ခူးနိုင်ခဲ့ပါတယ်။